healthcare pharmaceuticals Myanmar

မြန်မာနိုင်ငံ၏ ဆေးဝါးလုပ်ငန်းအကြောင်းတစေ့တစောင်း

ကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍသည် Invest Myanmar Summit 2019 ၏ အဓိကရည်ရွယ်ထားသည့်လုပ်ငန်း ၈ခုမှ ၁ခု ဖြစ်ပြီး လုပ်ငန်းဆိုင်ရာတင်ပြမှုများ တွင် ပါဝင်မည်ဖြစ်ပါသည်။

ကိုဇော်မိုးခိုင်သည် AA Medical and Pacific Pharmaceuticals ကို ၁၉၉၄ခုနှစ်က စတင်ခဲ့ပြီး စတင်ချိန်က လုပ်သားလေးဦးနှင့် ဆေးဝါးလေးမျိုးသာထုတ်လုပ်နိုင်ခဲ့သည်။ သို့သော်လည်း နောက်ပိုင်းတွင် လုပ်သား ၁,၀၀၀ကျော်နှင့် ဆေးဝါးပစ္စည်း ၆၀၀ ကျော် ထုတ်လုပ်ရောင်းချလာနိုင်သည်အထိ လုပ်ငန်းကြီးထွားလာခဲ့သည်။ ယခုအခါ AA Medical Products Ltd ဟုသိရှိသည့် ကုမ္ပဏီ၏ အမှုဆောင်ချုပ်နှင့် မန်းနေဂျင်းဒါရိုက်တာသည် ဈေးကွက်တွင် လုပ်ငန်းကြီးထွားလာရေးအတွက် အခွင့်အလမ်းများအကြောင်း ထိုင်ကာ ဆွေးနွေးခဲ့သည်။

မှတ်ချက် – ဇော်မိုးခိုင်က မြန်မာဆေးဝါးနှင့်ဆေးဝါးကိရိယာလုပ်ငန်းရှင်များအသင်း၏ အထွေထွေအတွင်းရေးမှူးအနေဖြင့် ပြောကြားခဲ့သည်။

မေး။ ။ ဆေးဝါးကဏ္ဍက တိုးတက်နေပါသလား။

ဖြေ။ ။ ဒီကဏ္ဍမှာ သုံးပိုင်းရှိပါတယ်။ ထုတ်လုပ်ရေး၊ ကျန်းမာရေးစောင့်ရှောက်မှုနဲ့ ဖြန့်ချိရေးပါ။ ၂၀၁၃မှာ ထုတ်လုပ်ရေးကဏ္ဍကို ဖွင့်ပေးခဲ့ပြီး အခုချိန်မှာ စက်ရုံ ၁၀ရုံ လောက်က တည်ဆောက်နေ ဒါမှမဟုတ် ထုတ်လုပ်မှုစတင်နေပါပြီ။ ဒါဟာ ကောင်းတဲ့လက္ခဏာတစ်ခုပါ။

မေး။  ကုမ္ပဏီတွေဟာ တခြားဒေသတွင်းနိုင်ငံတွေထက် မြန်မာနိုင်ငံမှာ ဘာ့ကြောင့်ရင်းနှီးမြှုပ်နှံသင့်ပါသလဲ။

ဖြေ။ ။ မြန်မာဟာ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (World Trade Organization) နဲ့ ကမ္ဘာ့ညာဏမူပိုင်ခွင့်အဖွဲ့ (World Intellectual Property Organization) တွေရဲ့ အဖွဲ့ဝင်နိုင်ငံတစ်ခုဖြစ်ပါတယ်။ ဒါပေမဲ့ ၂၀၂၃ အထိ ညာဏပစ္စည်းမူပိုင်ခွင့်ဥပဒေကို အတည်ပြုရမဲ့တာဝန်ကနေ တရားဝင်ကင်းလွတ်ခွင့်ရထားပါတယ်။ မူပိုင်ခွင့်ဥပဒေ တစ်ခုမကြာခင်ထွက်လာမယ်လို့ မျှော်လင့်ရပါတယ်။ ဒါပေမဲ့ ဒီမူပိုင်ခွင့်ဥပဒေကို ဒီဆန္ဒအလျောက်အခွင့်အရေး ယာယီစွန့်လွှတ်မှုကို အဆုံးသတ်ပြီးနောက်မှသာ စတင်နိုင်မှာပါ။

မြန်မာနိုင်ငံရဲ့ ဆေးဝါးဈေးကွက် တန်ဘိုးဟာ အမေရိကန်ဒေါ်လာသန်း ၆၀၀ လောက်ရှိမယ်လို့ ခန့်မှန်းရပါတယ်။ နောက်ပြီး နောက်ငါးနှစ်အတွင်းမှာ အမေရိကန်ဒေါ်လာ တစ်ဘီလျံဘိုးအထိ ကြီးထွားလာမယ်လို့ မျှော်လင့်ပါတယ်။ တကယ်လို့ ထုတ်လုပ်ရေးပိုင်းမှာ ပိုပြီးရင်းနှီးမြှုပ်နှံရင် ဆေးဝါးကုမ္ပဏီတွေဟာ သူတို့ရဲ့ထုတ်ကုန်တွေကို ယှဉ်ပြိုင်ရောင်းချ နိုင်မှာဖြစ်ပါတယ်။

ကြီးမားတဲ့အလားအလာရှိပေမဲ့ လုပ်ငန်းတိုးတက်ဖို့အတွက်ဆိုရင် အစိုးရအနေနဲ့ ပြည်တွင်းထုတ်လုပ်သူတွေကို အားပေးတဲ့ ခိုင်မာတဲ့ နိုင်ငံရဲ့ဝယ်ယူရေးမူဝါဒတစ်ခုကို ချမှတ်ဖို့ လိုအပ်ပါတယ်။ နိုင်ငံအများအပြားမှာ အဓိကအချက်တွေကို အခြေခံပြီး ပြည်တွင်းထုတ်ကုန်တွေကို ဦးစားပေးတဲ့ စနစ်တစ်ခုရှိပါတယ်။ တကယ်လို့ ပြည်ပရင်းနှီးမြှုပ်နှံမှုနှင့် ဆောက်တဲ့စက်ရုံတွေကို ပြည်တွင်းကထုတ်လုပ်သူတွေအဖြစ် ယူဆမယ်ဆိုရင် ဒီစနစ်က မြန်မာပိုင်စက်ရုံတွေကိုသာ အကျိုးရှိစေတယ်လို့ တစ်ထစ်ချပြောလို့မရပါဘူး။

သွင်းကုန်ခွန်တွေက အရမ်းနိမ့်နေတော့ အကောက်ခွန်က ၁ဒသမ၅ရာခိုင်နှုန်းပဲရှိပါတယ်။ တင်သွင်းမှုလုပ်ပြီးရောင်းရတဲ့ လုပ်ငန်းလုပ်ဖို့က လွယ်ပါတယ်။ ဒါက မြန်မာကျပ်ငွေအပေါ် မလိုလားအပ်တဲ့ဖိအားတွေဖြစ်စေပါတယ်။ ငွေလဲနှုန်းတည်ငြိမ်ဖို့ ကြီးမားတဲ့ရင်းနှီးမြှုပ်နှံမှုတွေ လိုပါတယ်။ ရောင်းချဖြန့်ဖြူးရေးသက်သက်မှာ ရင်းနှီးမြှုပ်နှံမှုတွေတော့ မဟုတ်ဘူးပေါ့။

မေး။ ။ ဆေးဝါတွေစမ်းသပ်မှုနဲ့ အရည်အသွေးထိန်းသိမ်းမှုအတွက် စံနှုန်းများမှာ ဘာတွေပါ ပါသလဲ။

ဖြေ။ ။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO) ရဲ့ကောင်းမွန်တဲ့ကုန်ထုတ်လုပ်မှုစံနှုန်းအရ စက်ရုံအားလုံးမှာ သူတို့ရဲ့ အရည်အသွေးထိန်းချုပ်မှုအာမခံချက်တွေရှိပြီး Food and Drug Administration (FDA) ကလည်း ထိန်းကျောင်းပါတယ်။ FDA က တင်သွင်းဆေးဝါးတွေထက် ပြည်တွင်းစက်ရုံကထုတ်တဲ့ ဆေးဝါးတွေကို မကြာမကြာစစ်ဆေးပါတယ်။

မေး။ ။ ဆေးဝါးပစ္စည်းတွေ တင်သွင်းမှုနဲ့ ပတ်သက်တဲ့ အဓိကစိန်ခေါ်မှုတွေက ဘာတွေပါလဲ။

ဖြေ။ ။ နိုင်ငံက နိုင်ငံရေးအပြောင်းအလဲတွေရှိနေတော့ ရှင်းပြီးသား ပြသနာအချို့ပြန်ပေါ်လာတတ်တယ်။ အဓိကစိန်ခေါ်မှုတစ်ခုကတော့ ညွှန်ကြားမှုဦးစီးဋ္ဌာနအဆင့်မှာ စည်းမျဉ်းဥပဒေတွေကို အကောင်အထည်ဖော်မှုပါ။ ဝန်ကြီးဋ္ဌာန ဒါမှမဟုတ် မူဝါဒအဆင့်မှာ လုပ်ငန်းလုပ်ဖို့လွယ်ကူစေတဲ့ စည်းမျဉ်းတွေ တိုးတက်ဖို့ စေတနာကောင်းတွေ အများကြီးရှိပါတယ်။ ဒါပေမဲ့ ဒီမူဝါဒတွေကို အပြည့်အဝအကောင်အထည်ဖော်တဲ့အခါ စိန်ခေါ်မှုတွေရှိပါတယ်။

ဥပမာအနေနဲ့ ပြောရရင် ပြည်ထောင်စုအခွန်ဥပဒေအရ ဆေးဝါးနဲ့ ဆေးဝါးကိရိယာတွေအတွက် ကုန်သွယ်ခွန် ကင်းလွတ်ခွင့်တစ်ခုရှိပါတယ်။ အဲဒီအပေါ်မှာ သွင်းကုန်ခွန်မကောက်ရပါဘူး။

ဒါပေမဲ့ ဆေးဝါးကိရိယာတွေတင်သွင်းတဲ့အခါ တခါတလေ အကောက်ခွန်အရာရှိတွေက အဲဒါတွေက ဆေးဝါးကိရိယာဟုတ်မဟုတ်မသိဘူးလို့ ဆိုပါတယ်။ ဒါ့ကြောင့် ကျွန်တော်တို့ သွင်းကုန်လိုင်စင်လျှောက်တဲ့အခါ ဆေးဝါးကိရိယာဖြစ်တဲ့အကြောင်း ရှုင်းရှင်းလင်းလင်ဖော်ပြဖို့ FDA ဆီကနေ သွင်းကုန်ထောက်ခံစာ ဒါမှမဟုတ် အတည်ပြုစာတစ်စောင်ကို တွဲတင်ရပါတယ်။ ဒါပေမဲ့ အကောက်ခွန်အရာရှိတွေက တခါတလေ စာကသူတို့ဆီလိပ်မူတာမဟုတ်ဘူးလို့ အဓိပ္ပါယ်ကောက်တယ်။ ဆိုလိုတာက အကောက်ခွန်ရှင်းလင်းဖို့ နှစ်လထိကြာပါတယ်။

မေး။ ။ အခြေခံအဆောက်အအုံနဲ့ ပတ်သက်တဲ့ စိန်ခေါ်မှုတွေကရော။

ဖြေ။ ။ အဲကွန်းနဲ့ သယ်ယူပို့ဆောင်ရေးက ဒီနိုင်ငံမှာ ပြသနာတစ်ခုပါ။ ဘာဖြစ်လို့လည်းဆိုတော့ ယာဉ်ကျောပိတ်ဆို့မှုတွေ အများကြီးရှိပါတယ်။ ၂၅ ဒီဂရီအောက်ထားရမဲ့ ကုန်ပစ္စည်းတွေအတွက် ဒါကစိန်ခေါ်မှုတစ်ခုပါ။ ဘာဖြစ်လို့လည်းဆိုတော့ လမ်းပေါ်မှာ နာရီပေါင်းများစွာကြာနေရင် ဒီကုန်ပစ္စည်တွေဟာ မြင့်မားတဲ့အပူချိန်နဲ့ ထိတွေ့နိုင်လို့ပါ။

လျပ်စစ်ဓါတ်အားဖြည့်ဆည်းမှုက နောက်ထပ်စိန်ခေါ်မှုပါ။ အထူးသဖြင့် ကုန်ပစ္စည်းတွေ သိုလှောင်မှုအတွက်ပေါ့။ ဘာဖြစ်လို့လည်းဆိုတော့ ဆေးဝါးလုပ်ငန်းတွေဟာ သူတို့ကုန်ပစ္စည်းတွေကို အပူချိန်သုံးမျိုးနဲ့ သိုလှောင်ရတဲ့အတွက်ဖြစ်ပါတယ်။ ဒီလိုမျိုးတွေလုပ်ဖို့က ကျွန်တော်တို့ အဲကွန်းခန်းတွေလိုတယ်။ မီးမမှန်တဲ့အခါ ဒီဇယ်မီးစက်တစ်လုံးတော့ အရန်သင့်ရှိထားရပါတယ်။

ကောင်းမွန်တဲ့သိုလှောင်ရေးအလေ့အထကောင်းရဲ့ အစိတ်အပိုင်းအနေနဲ့ ကျွန်တော်တို့ အရေးပေါ်ကိစ္စအတွက်ဖြေရှင်းဖို့ အစီအမံတစ်ခုတော့ ရှိဖို့လိုပါတယ်။ မကြာမကြာမီးပျက်တဲ့အခါ မီးစက်တွေက အရန်အဆင့်မဟုတ်တော့ပါဘူး။ ပုံမှန်နေ့စဉ်သုံးအတွက်ပေါ့။ ဖြန့်ချိရေးကုန်လှောင်ရုံတွေအတွက် မေးခွန်းကတော့ အရန်မီးစက်ပျက်ရင် ဘာဖြစ်မလဲပေါ့။ ဒါကြောင့် ကျွန်တော်တို့ ဒုတိယအဆင့် အရန်မီးစက်တစ်ခုရှိဖို့ လိုပါတယ်။

ထုတ်လုပ်ရေးစရိတ်ထဲ ထည့်ပေါင်းရတဲ့ ကုန်ကျစရိတ်တွေရှိပါတယ်။ ဒီလိုတတ်နိုင်တဲ့ ကုမ္ပဏီတွေက ရင်းနှီးမြှုပ်နှံနိုင်ပါတယ်။ ဒါပေမဲ့ လက်လီဆိုင်တွေဟာ စိန်ခေါ်မှုရှိနေတဲ့ သိုလှောင်မှုအတွက်တော့ ဒီလိုအခြေအနေတွေ ကြုံတွေ့ရနိုင်ပါတယ်။ တခါတလေ လိုအပ်တဲ့ မီးစက်တွေအတွက် နေရာလုံလုံလောက်လောက်မရှိဘူး။ ဥပမာအနေနဲ့ ပြောရရင် ရန်ကုန်မှာ ကုမ္ပဏီတွေဟာ လမ်းဘေးမှာ မီးစက်တွေထားလို့ မရတော့ဘူး။ ဘာဖြစ်လို့လည်းဆိုတော့ ရန်ကုန်စည်ပင်က ဥပဒေကို ပြောင်းလိုက်လို့ပါ။ မီးစက်သစ်တွေဟာ အဆောက်အဦးရဲ့နောက်မှာပဲ ထားရမှာဖြစ်ပါတယ်။

မေး။ ။ သိုလှောင်မှုအတွက် ဘယ်လိုအထောက်အကူပြုအရာတွေရှိပါသလဲ။

ဖြေ။ ။ FDA ရဲ့စံနှုန်းတွေအရ ကုမ္ပဏီတွေဟာ သူတို့ဆေးဝါးပစ္စည်းတွေတင်သွင်းမှု စမလုပ်ခင်မှာ သူတို့ရဲ့ သိုလှောင်တဲ့အဆောက်အအုံတွေကို အစစ်ဆေးခံရပါတယ်။ ဒါ့ကြောင့် သိုလှောင်မှုအခြေအနေတွေက မဆိုးပါဘူး။ FDA က ဒုတိယအဆင့်အရန်မီးစက်ထားဖို့ မတောင်းဆိုပေမဲ့ မီးစက်တစ်လုံးတော့အရန်သင့်ရှိရမယ်လို့ ကုမ္ပဏီတွေကို တောင်းဆို ပါတယ်။

လက်လီဆိုင်အဆင့်မှာတော့ ပြသနာတွေရှိပါတယ်။ FDA က ဒီဆိုင်အဆင့်ကို စစ်ဆေးပါတယ်။ ဒါပေမဲ့ သူတို့က အဲကွန်းနဲ့ ကောင်းကောင်းသိုလှောင်မထားတဲ့ ဆေးဝါးတွေကို ပိတ်လိုက်မယ်ဆို ဒါဟာ နိုင်ငံတစ်ဝန်းမှာ ရှိတဲ့ ဆေးဆိုင်အားလုံးရဲ့ ၉၀ ရာခိုင်နှုန်းကျော်ပါ အကျုံးဝင်သွားနိုင်ပါတယ်။

ဆေးသိုလှောင်ရေးနဲ့ ပတ်သက်လို့ နှီးနှောဖလှယ်ပွဲတွေ ကျင်းပဖို့ FDA ဟာ မြန်မာနိုင်ငံဆေးဝါးနဲ့ ဆေးဝါးကိရိယာလုပ်ငန်းရှင်များအသင်းနဲ့ ပူးပေါင်းဆောင်ရွက်နေပါတယ်။ နိုဝင်ဘာလကလည်း ရန်ကုန် မင်္ဂလာတောင်ညွန့်မြို့နယ်က ရွှေမင်္ဂလာဈေးမှာ ကျွန်တော်တို့ နှီးနှောဖလှယ်ပွဲတစ်ခု ကျင်းပခဲ့ပါသေးတယ်။ အဲဒီနှီးနှောဖလှယ်ပွဲကို တနင်္ဂနွေနေ့တစ်နေ့ ဈေးရဲ့အလယ်မှာ ကျင်းပခဲ့တာပါ။ အစည်းအဝေးခန်းတစ်ခုထဲမဟုတ်ပါဘူး။ ဒါ့ကြောင့် ပြည်သူတွေလည်း အလွယ်တကူလာရောက် နားထောင်နိုင်ပါတယ်။ ဒီပွဲကို တွန်းအားပေးစေ့ဆော်နိုင်တဲ့ပွဲလို့ သူတို့မြင်လိမ့်မယ်လို့ ကျွန်တော်တို့ မျှော်လင့်ခဲ့ပါတယ်။

ကောင်းမွန်တဲ့ဆေးဆိုင်တစ်ဆိုင်ရဲ့ လုပ်ကိုင်ဆောင်ရွက်မှုတွေကို ဘယ်လိုအကောင်အထည်ဖော်ရသလဲဆိုတာ ရှင်းပြဖို့ ဆေးဝါးစီမံခန့်ခွဲမှုသင်တန်းတစ်ခုလည်း ကျွန်တော်တို့ စနေပါပြီ။ စည်းမျဉ်းတွေအကြောင်းပြောဖို့လည်း FDA က အရာရှိ တွေကို ကျွန်တော်တို့ ဖိတ်ကြားထားပါတယ်။

Photo credit: Theint Mon Soe | Frontier

Share on facebook
Share on twitter
Share on linkedin
Share on email
Share on print

သင်ဟာရင်းနှီးမြှုပ်နှံသူတစ်ဦးလား

မြန်မာနိုင်ငံ၏ ရင်းနှီးမြှုပ်နှုံမှုဆိုင်ရာ အခွင့်အလမ်းများအား လေ့လာရန် စိတ်ဝင်စားပါသလား? သင်သိရှိလိုသည်များကို ဖြေကြားပေးရန်အတွက်ဆက်သွယ်လိုက်ပါ။

Download the Invest Myanmar Summit 2019 app today to request appointments* and check out the latest Summit programme.

*Only available to registered Summit participants.