Aung San Suu Kyi Myanmar

၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၂၈ ရက်နေ့၌ မြန်မာကွန်ဗင်းရှင်းစင်တာ (၂) တွင် ကျင်းပပြုလုပ်သော Invest Myanmar Summit 2019 တွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပြောကြားသော မူဝါဒဆိုင်ရာမိန့်ခွန်း ကောက်နုတ်ဘာသာပြန်ဆိုချက်

ပထမဆုံးနေနဲ့ ပြောကြားလိုတာကတော့ ဒီနေ့ကျင်းပတဲ့ Invest Myanmar Summit 2019 ကို တက်ရောက်ကြတဲ့ စီးပွားရေးနယ်ပယ်ကဏ္ဍစုံက ပြည်တွင်းနှင့်ပြည်ပ ရင်းနှီးမြှုပ်နှံသူတွေ၊ စီးပွားရေး လုပ်ငန်းရှင်တွေ၊ နိုင်ငံတကာအဖွဲ့အစည်း အသီးသီးက တာဝန်ရှိပုဂ္ဂိုလ်တွေကို ဝမ်းမြောက်ဝမ်းသာ ကြိုဆိုပါ ကြောင်း ဦးစွာပြောကြားလိုပါတယ်။

        ဒီနေ့အခမ်းအနားက ကျွန်မတို့မြန်မာနိုင်ငံရဲ့ စိတ်လှုပ်ရှားဖွယ်ကောင်းပြီး အမြဲပြောင်းလဲတိုး တက်နေတဲ့ ရင်းနှီးမြှုပ်နှံမှုအခင်းအကျင်း မြင်ကွင်းတွေကိုသိရှိပြီး ပြည်တွင်းနှင့်ပြည်ပ လုပ်ငန်းရှင်တွေ အတွက် အကောင်းဆုံး အခွင့်အလမ်းတွေ ဖော်ဆောင်ပေးနိုင်မယ့် မြန်မာနိုင်ငံမှာ ပထမဦးဆုံး ကျင်းပပြုလုပ်တဲ့ အရေးပါတဲ့ ဆွေးနွေးပွဲတစ်ခုအဖြစ် ယုံကြည်ကြောင်း ပြောကြားလိုပါတယ်။

ဒီနေ့အခမ်းအနားရဲ့ နှစ်ရက်တာကာလအတွင်းမှာ ပြည်ထောင်စုဝန်ကြီးဌာနာတွေ၊ ပြည်နယ်နဲ့ တိုင်းဒေသကြီး အစိုးရအဖွဲ့တွေနဲ့ ကျွန်မတို့ရဲ့ပုဂ္ဂလိကကဏ္ဍက မိတ်ဖက်လုပ်ငန်းရှင်တွေအနေနဲ့ သူတို့ရဲ့ ရင်းနှီးမြှုပ်နှံမှု အလားအလာနဲ့ အခွင့်အလမ်းတွေကို ဖော်ထုတ်ပြသနိုင်တဲ့ အဖိုးတန်တဲ့အခွင့်အလမ်းကို ရကြမှာ ဖြစ်တဲ့အတွက် ကျွန်မ အနေနဲ့ အားရကျေနပ်မိပါတယ်။

        ဒီအခမ်းအနားအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၊ ရင်းနှီး မြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန တို့နဲ့ အတူ ပူးပေါင်းဆောင်ရွက်ခဲ့တဲ့ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်ရဲ့ အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်မှုကိုလည်း အထူးပဲ အသိအမှတ်ပြု ကျေးဇူးတင်ပါတယ်။

        ဒီဆွေးနွေးပွဲက အားလုံးကို အကျိုးများပြီး နှစ်လိုဖွယ်ကောင်းတဲ့ အမှတ်တရတွေ ရရှိစေပြီး မြန်မာနိုင်ငံကို အကြိမ်ကြိမ် ပြန်လာချင်အောင် စွမ်းဆောင်နိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။

        ယနေ့ဟာ ကျွန်မတို့ မြန်မာနိုင်ငံရဲ့သမိုင်းမှာ လူသိများပြီးထင်ရှားတဲ့ ဟံသာဝတီခေတ် ဘုရင်ရာဇဓိရာဇ်ရဲ့ မွေးနေ့နဲ့လည်း တိုင်ဆိုင်နေပါတယ် နန်းစံခဲ့တဲ့ကာလမှာ ရာဇဓိရာဇ်အရေးတော်ပုံ မှတ်တမ်းကို ပြုစုခဲ့ပြီး ဒီမှတ်တမ်းဟာ ရှေးဟောင်းဘုရင့်နိုင်ငံတစ်ခုကို အဲဒီခေတ်က ကုန်သွယ်မှုမှာ အင်အားကြီးမားတဲ့ နိုင်ငံတစ်ခုဖြစ်အောင် ဆောင်ကျဉ်းပေးနိုင်တဲ့ အထင်ကြီးအားကျစရာ ကောင်းလှတဲ့ အုပ်ချုပ်ရေးပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်တွေကို ငြိမ်းချမ်းချောမွေ့စွာ လုပ်ဆောင် နိုင်ခဲ့တာပဲ ဖြစ်ပါတယ်။

        ဒါ့အပြင် လွန်ခဲ့တဲ့ ၇၄ နှစ် ကာလ ၁၉၄၅ ခုနှစ် ဒီနေ့မှာပဲ အသစ်ဖွင့်လှစ်ခဲ့တဲ့ Burma Road ကတစ်ဆင့် တရုတ်နိုင်ငံကို ရောက်ရှိနိုင်မယ့် ထောက်ပံ့ရေးလမ်းကြောင်းကို ထူထောင်နိုင်ခဲ့ပါတယ် ဒါကြောင့်မို့လို့ ဒီနေ့ဟာ မြန်မာနိုင်ငံ သမိုင်းမှာ ထင်ရှားလှတဲ့ ပြုပြင်ပြောင်းလဲရေးတွေကို လုပ်ဆောင်ခဲ့တဲ့ ဘုရင်ရဲ့မွေးနေ့နဲ့ ဒုတိယ ကမ္ဘာစစ်အတွင်း အရှေ့တောင်အာရှရဲ့ ဇာတ်ခုံမှာ ဒုတိယကမ္ဘာစစ်ရဲ့ အလှည့်အပြောင်းပေါ်မှာ သက်ရောက်မှုကြီးမားခဲ့တဲ့ အင်မတန်မှ မဟာဗျူဟာအရ အရေးပါလှတဲ့ အခြေခံအဆောက်အအုံစီမံကိန်းတစ်ခုကို စတင်ခဲ့တဲ့ နေ့များနဲ့တိုက်ဆိုင်နေတာမို့ တကယ့်ကို ကျက်သရေ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံတဲ့ဒီနေ့မှာ တွေ့ဆုံခွင့်ရကြတာ ဖြစ်ပါတယ်။

        မြန်မာနိုင်ငံမှာ ဘာကြောင့် ရင်းနှီးမြှုပ်နှံကြသလဲလို့ မေးစရာရှိပါလိမ့်မယ် ကျွန်မတို့ မြန်မာနိုင်ငံရဲ့ တည်နေရာဟာ ပထဝီအနေအထားအရ အလွန်ပဲ အားကျစရာကောင်းလောက်တဲ့ နေရာမှာရှိနေတာ ကြောင့် မဟာဗျူဟာအရ အရေးပါလှတဲ့ ဈေးကွက် နေရာတစ်ခု ဖြစ်သလို တရုတ်၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ လာအို၊ ထိုင်းနိုင်ငံတို့ကို ကုန်သွယ်ကူးသန်း ဖြတ်သန်းနိုင်တဲ့ လမ်းဆုံနေရာမှာလဲ တည်ရှိနေသောကြောင့် ဖြစ်ပါတယ်။

        မြန်မာနိုင်ငံအပါအဝင် အာဆီယံ (၁၀) နိုင်ငံနဲ့အတူ တရုတ်၊ အိန္ဒိယတို့ ပါဝင်တဲ့ ၃.၅ ဘီလီယံ ကျော်ရှိတဲ့ စားသုံးသူ ဈေးကွက်ကို ကိုယ်စားပြုပါတယ်၊ ဒီဈေးကွက်ရဲ့ စီးပွားရေးပမာဏဟာ အမေရိကန်ဒေါ်လာ ၁၅ ထရီလျံ ဝန်းကျင်ရှိပြီး ကမ္ဘာ့ ဂျီဒီပီရဲ့ ၂၀ ရာခိုင်နှုန်းကို ကိုယ်စားပြုပါတယ်။ ဒီဈေးကွက်ရဲ့ ဆက်စပ်မှုဟာ ခေတ်သစ် ကမ္ဘာမှာ တွေ့မြင်ဖူးသမျှထဲက ထူးခြား အထင်ရှားဆုံး ဈေးကွက်တစ်ခုအဖြစ် တိုးတက်ပြောင်းလဲ ပေါ်ပေါက်လာ လိမ့်မယ်လို့ မျှော်လင့်ပါတယ်။

        မက္ကင်းဆေး ဂလိုဘယ် အင်စတီကျု့ရဲ့ ခန့်မှန်းချက်အရ ၂၀၂၅ ခုနှစ်မှာ ကမ္ဘာ့စားသုံးဦးရေရဲ့ တစ်ဝက်ကျော်ရှိတဲ့ တစ်နေ့ဝင်ငွေ ၁၀ ဒေါ်လာအထက်ရှိတဲ့ ဦးရေပမာဏဟာ မြန်မာနိုင်ငံရဲ့ လေကြောင်းခရီးအားဖြင့် ၅ နာရီအတွင်းမှာ နေထိုင်လိမ့်မယ်လို့ ခန့်မှန်းထားပါတယ် ကျွန်မတို့မှာ ၅၃ သန်းလောက်ဆိုတဲ့ အတော်အတန်ကြီးမားတဲ့ လူဦးရေပမာဏရှိပြီး တစ်ဝက်ကျော်က အသက် ၃၀ နှစ်အောက် လူငယ်တွေ ဖြစ်ပါတယ်။

        ဒါကြောင့် မြန်မာနိုင်ငံဟာ သင့်လျော်တဲ့ပမာဏရှိတဲ့ ဈေးကွက်တစ်ခု ဖြစ်သလို တစ်နေ့တခြား ကျယ်ပြန့် ကြီးမားနေတဲ့အတွက် နိုင်ငံတကာဈေးကွက်နှင့် ပူးပေါင်းချိတ်ဆက်ပြီး အကျိုးရှိစွာအသုံးချနိုင်မှာ ဖြစ်ပါတယ် မြန်မာနိုင်ငံဟာ အရှေ့တောင်အာရှဒေသမှာ မြေနေရာအကျယ်ဝန်းဆုံးကို ပိုင်ဆိုင်ထားတဲ့ အတွက် လယ်ယာကဏ္ဍမှာ ရင်းနှီးမြှုပ်နှံဖို့အတွက် သာလွန်တဲ့ အလားအလာကောင်းတွေ ရှိနေသလို သဘာဝသယံဇာတနဲ့ သဘာဝဓါတ်ငွေ့ ကြွယ်ဝစွာရှိတဲ့ နိုင်ငံလည်းဖြစ်ပါတယ်။

        မြန်မာနိုင်ငံတောင်ပိုင်းရှိ ကမ်းခြေဒေသသည်လည်း ကမ္ဘာ့အရေးပါဆုံးစီးပွားရေးစြင်္ကံ တစ်ခုဖြစ်တဲ့ ထိုင်းနိုင်ငံ၏ အအောင်မြင်ဆုံးလည်းဖြစ်တဲ့ ထိုင်းအရှေ့ပိုင်းစီးပွားရေးစြင်္ကံနှင့် ချိတ်ဆက်နေတာကြောင့် ဘင်္ဂလား ပင်လယ်အော်နှင့် ကပ္ပလီပင်လယ်ပြင်တို့ကတစ်ဆင့် အိန္ဒိယနိုင်ငံနဲ့ ပစိဖိတ်သမုဒ္ဒရာကိုသာမက ပတ်ဝန်းကျင် နိုင်ငံတွေဖြစ်တဲ့ ကမ္ဘောဒီးယား၊ လာအို၊ ဗီယက်နမ် အပါအဝင် တရုတ်နိုင်ငံများနဲ့လည်း ကူးသန်းသွားလာဖို့ လမ်းကြောင်းတွေ ဖော်ဆောင်ပေးနေပါတယ်။

        ဒါကြောင့် မြန်မာနိုင်ငံဟာ နိုင်ငံတကာကုန်သွယ်မှု လမ်းကြောင်းကို ဒေသတွင်း ဈေးကွက်များ မှတစ်ဆင့် အချိတ်အဆက်ပြုပြီး များစွာအကျိုးပြုလျက်ရှိနေတဲ့အပြင် အာရှပိစိဖိတ်ဒေသ ကိုသာမက တကမ္ဘာလုံးရဲ့ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးအတွက် အဓိက နေရာက အထောက်အကူ ပြုလျက်ရှိတယ်လို့ ယုံကြည်ကြောင်း ပြောကြားလိုပါတယ်။

        လက်ရှိတွင် မြန်မာနိုင်ငံ၌ စီးပွားရေး၊ လူမှုရေးနှင့် နိုင်ငံရေးဆိုင်ရာ တိုးတက်ပြောင်းလဲမှုများမှာ အရှိန်အဟုန်နှင့် တချိန်တည်းတွင် ပြောင်းလဲဖြစ်ပေါ်လျက်ရှိနေသလို ကျွန်မတို့ရဲ့ ကမ္ဘာကြီးမှာလည်း ခေတ်ပြိုင် ပြုပြင်ပြောင်းလဲမှု အမျိုးမျိုးနဲ့ တစ်ပြိုင်နက် ဖြစ်ပေါ်နေပါတယ်။ လွန်ခဲ့တဲ့ အနှစ်လေးဆယ်အတွင်း ကျွန်မတို့ ဒေသဟာ ကမ္ဘာမှာ စီးပွားရေးဖွံ့ဖြိုးအတိုးတက်ဆုံး ဒေသတစ်ခုဖြစ်ခဲ့ပြီး ဒီလျှင်မြန်တဲ့ အာဆီယံနိုင်ငံများနဲ့ ကျန်အာရှနိုင်ငံတွေအကြား ကုန်သွယ်မှု ဆက်ဆံရေးအသစ်တွေကို ဦးဆောင် ဖန်တီးပေးခဲ့သလို နည်းပညာသစ်များ တီထွင်နိုင်မယ့် အခွင့်အလမ်းတွေကို ဖန်တီးပေးခဲ့သလို ပြည်သူတွေ၊ အတွေးအခေါ် အယူအဆတွေ၊ ကုန်ပစ္စည်းနှင့် ဝန်ဆောင်မှုတွေ ရင်းနှီးမြှုပ်နှံမှုတွေကို ဒေသတွင်း လွယ်ကူလျင်မြန်စွာ ချောမွေ့စွာရွှေ့ပြောင်းနိုင်အောင် ဆောင်ရွက် နိုင်ခဲ့တာဟာ အရင်တုန်းက ဖြစ်နိုင်မယ်လို့ မထင်ခဲ့တဲ့အရာတွေ ဖြစ်ပါတယ်။

အမှန်တစ်ကယ်တော့ ကျွန်မတို့ဟာ ကမ္ဘာကို တည်ငြိမ်စွာ ပုံဖော်စေခဲ့တဲ့ အာရှရဲ့အအောင်မြင်ဆုံး ကာလတွေမှာ နေထိုင်ရှင်သန်နေခြင်းဖြစ်ပါတယ်။ တဆက်တည်းမှာပဲ စီးပွားရေးပူးပေါင်းဆောင်ရွက်မှု တီထွင်ဆန်းသစ်မှုများ လွတ်လပ်စွာကုန်သွယ်မှုနှင့် ဒေသတွင်း ပြည်သူများအကြား ဆက်ဆံရေးနှင့် ဒေသတွင်းအချိန်အဆက် တိုးတက်မှုများက မြန်မာနိုင်ငံနဲ့ လာရောက်ရင်းနှီးမြှုပ်နှံမယ့်သူများအတွက် များပြားလှတဲ့ အခွင်းအလမ်းကောင်းများပဲ ဖြစ်ပါတယ်။

        ကျွန်မတို့ရဲ့ ပထဝီအနေအထား အားသာချက်၊ အခြားနိုင်ငံတွေနဲ့ယှဉ်ရင် လုပ်အားခသက်သာမှုနှင့် ကျွန်မတို့ ပြည်သူတွေရဲ့ ကြီးမားတဲ့စွမ်းပကားတွေဟာ တစ်ချိန်က အနောက်နိုင်ငံများက အရှေ့နိုင်ငံများ ဆီသို့ ကမ္ဘာ့စီးပွားရေးခွဲဖြာထွက်မှု ဖြစ်ပေါ်ခဲ့သလိုမျိုး ပြန်လည်ပေါ်ထွန်းလာအောင် ဆောင်ကြဉ်းပေးနိုင် မယ့် အခွင့်အလမ်းများကို ဖမ်းဆုပ်ရန် အချိန်အခါကောင်းပဲဖြစ်ပါတယ်။

        ဘယ်လိုပဲဖြစ်ဖြစ် ကျွန်မတို့ အောင်မြင်အောင် ကျော်လွှားရမယ့် စိန်ခေါ်မှုများစွာလည်း ရှိနေဆဲပဲ ဖြစ်ပါတယ်။

        ဒါ့အပြင် ဖွံ့ဖြိုးမှုနည်းပါတဲ့နိုင်ငံတွေအနေနဲ့ ကမ္ဘာ့စီးပွားရေးနဲ့ ပူပေါင်းချိတ်ဆက်ရာမှာ အားနည်းချက်တွေ ရှိနေဆဲကြောင့် စီးပွားရေး နောက်ကျကျန်ခဲ့ရနိုင်တဲ့ ကြီးမားတဲ့အန္တရာယ် အတွက်ကိုလည်း စိတ်ထဲမှာစွဲမှတ်ပြီး မြန်မာနိုင်ငံအနေနဲ့ကမ္ဘာနဲ့ ဒေသတွင်း အကျိုးအမြတ်တွေ ရရှိဖို့အတွက် နည်းလမ်းတွေ ရှာဖွေလုပ်ဆောင်ဖို့ဟာလည်း ကျွန်မတို့နိုင်ငံအတွက် အဓိက စိန်ခေါ်မှု တစ်ရပ်ပဲ ဖြစ်ပါတယ်။

        ကျွန်မတို့နိုင်ငံ ဖွံ့ဖြိုးဖို့အတွက် စိန်ခေါ်မှုများစွာ ရှိတဲ့အနက် ဈေးကွက်ကို အခြေခံဖြေရှင်းသည့် နည်းလမ်းများကို ရှာဖွေဆောင်ရွက်မှုဟာ အားလုံးပြေလည်စေမယ့် နည်းလမ်းမဟုတ်ပေမယ့် မြန်မာနိုင်ငံမှာ အားလုံးပါဝင်ပြီး  ရေရှည်ဖွံ့ဖြိုးတိုးတက်ဖို့အတွက် အဓိကမောင်းနှင်အင်အား ဖြစ်တဲ့အပြင် အလုပ်အကိုင် အခွင့်အလမ်း ဖန်တီးတဲ့ နေရာမှာလည်း အခြေခံတွန်းအားတစ်ရပ် ဖြစ်တဲ့ အစိုးရနဲ့ ပုဂ္ဂလိကကဏ္ဍ အတူတကွ နီးနီးကပ်ကပ် ပူးပေါင်းလုပ်ဆောင်နိုင်ရေးဟာ အရေးတကြီးလိုအပ်ချက်အဖြစ် ကျွန်မတို့ အသိအမှတ်ပြုပါတယ်။

        မြန်မာနိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှုဝန်းကျင် အခြေအနေကို နားလည်ဖို့ဆိုရင် မြန်မာနိုင်ငံမှာ လက်တွေ့ ကျင့်သုံးနေတဲ့ မူဝါဒ လုပ်ထုံးလုပ်နည်းတွေကို ကျယ်ကျယ်ပြန့်ပြန့် သဘောပေါက်ဖို့လိုပါတယ်။

        ဈေးကွက်နှင့်ကိုက်ညီတဲ့ စီးပွားရေးမူဝါဒများချမှတ်ခြင်းနှင့်အတူ ဒေသတွင်းပူးပေါင်းဆောင်ရွက်မှုနှင့် ပေါင်းစည်းမှု အလျင်အမြန်တိုးတက်လာခြင်းတို့က အာရှပစိဖိတ်ဒေသနိုင်ငံများအတွက် များစွာအကျိုးရှိခဲ့ သလို ကျွန်မတို့ ဒေသတွင်းမှာရှိတဲ့ ပြည်သူအများစုကို တိုးတက်မှုနှိမ့်ကျပြီး ဝင်ငွေနည်းတဲ့ ဘဝကေန အလယ်အလတ်တန်းနှင့် ဝင်ငွေမြင့်မားတဲ့ ဘဝတွေကို ရောက်ရှိအောင် လုပ်ဆောင်နိုင်ခဲ့ပါတယ်။ မြန်မာနိုင်ငံအနေနဲ့လည်း ဒီနည်းလမ်း အတိုင်းလုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။

        ကျွန်မတို့ကိုယ်တိုင် ကိုယ်ပိုင်ရွေးချယ်မှုနဲ့ ယနေ့မြန်မာနိုင်ငံဟာ ပြင်ပဈေးကွက်များနဲ့ နိုင်ငံရေး အင်အားစုများကို ယခင်ကထက် ပိုမိုထိတွေ့ဆက်ဆံလျှက်ရှိပါတယ်။ ဒီကနေ မျှတတဲ့ အကျိုးရလာဒ်အနေနဲ့ ရင်းနှီးမြှုပ်နှံမှုအသစ်တွေ ဝင်ရောက်လာဖို့ အခွင့်အလမ်းများ၊ နည်းပညာသစ်များနဲ့ အသိပညာဗဟုသုတများ လွှဲပြောင်း ရရှိနိုင်မယ်လို့ မျှော်လင့်ပါတယ်။

        ဒီလိုပြောရခြင်းဟာ ဂလိုဘယ်လ်လိုက်ဇေးရှင်းရဲ့ ဆိုးကျိုးရှုထောင့်အချို့ရှိနေတဲ့အပေါ်မှာ ထိခိုက်မှု မရှိဘဲ အလွယ်တကူ တုံ့ပြန်နိုင်တဲ့ အခြေအနေမှာရှိနေတဲ့ သဘောမျိုးကို မဆိုလိုပါဘူး။

        ဒီနေ့လို အလျှင်အမြန် အရှိန်အဟုန်နဲ့ ကူးသန်းသွားလာနေတဲ့ ကမ္ဘာကြီးမှာ နိုင်ငံတစ်ခုက သာမာန် အအေးမိဖျားနာရုံလောက်သာ ခံစားရပေမယ့် အများစုက ရောဂါကူးစက်မှုအန္တရယ် ကျရောက်တာကို ခံနေရပါတယ်။

        ကမ္ဘာ့ရင်းနှီးမြှုပ်နှံမှု အလားအလာကို ကြည့်မယ်ဆိုရင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု စီးဝင်မှုဟာ ၂၀၁၇ ခုနှစ်မှာ ၂၃ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး ၂၀၁၈ ခုနှစ်မှာလည်း ဆက်လက်ကျဆင်းနေတာကို တွေ့ရမှာ ဖြစ်ပါတယ်။ အာရှပစိဖိတ်ဒေသဟာလည်း ဒီရင်းနှီးမြှုပ်နှံမှု ကျဆင်းမှုအခြေအနေကနေ မလွတ်ကင်း နိုင်ခဲ့ပါဘူး။

        နောက်ဆုံးရထားတဲ့ သတင်းအချက်အလက်များအရ အာရှပစိဖိတ်ဒေသတွင်း နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများဟာ အနည်းငယ်တုံ့ဆိုင်းခဲ့တာကို တွေ့ရပါတယ်။ သို့သော် မိမိတို့အာရှပစိဖိတ်ဒေသဟာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု စီးဝင်ဖို့အတွက် အဓိကဒေသတစ်ခုအဖြစ် ရှိနေဆဲဖြစ်ပြီး ၂၀၁၇ ခုနှစ် ကမ္ဘာ့ပြည်ပ ရင်းနှီးမြှုပ်နှံမှု စုစုပေါင်းစီးဝင်မှုရဲ့ ၃၉ ရာခိုင်နှုန်းရှိကာ ၂၀၁၆ ခုနှစ်ကထက် ၉ ရာခိုင်နှုန်း တိုးတက်ခဲ့တာ တွေ့ရမှာ ဖြစ်ပါတယ်။

        ဒါ့အပြင် အာရှပစိဖိတ်ဒေသနိုင်ငံများဟာ ၂၀၁၇ ခုနှစ်အတွက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အများဆုံး လက်ခံခဲ့တဲ့ ဒေသဖြစ်ပါတယ်။ မြန်မာနိုင်ငံအနေနဲ့လည်း ဒေသတွင်းနိုင်ငံအချင်းအချင်းအကြား အပြန်အလှန် ရင်းနှီးမြှုပ်နှံမှုပြုလုပ်မှုကြောင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ၄၅ ရာခိုင်နှုန်းအထိ တိုးတက်ခဲ့ပြီး အကျိုးအမြတ် ရရှိတဲ့ နိုင်ငံတွေထဲကတစ်ခုဖြစ်ပါတယ်။ သီလဝါ အထူးစီးပွားရေးဇုန်မှာ မလေးရှားနိုင်ငံ အခြေစိုက် Kiam Joo Group က စက်ရုံအသစ်တစ်ခု ရင်းနှီးမြှုုပ်နှံတာကို ကြည့်ရင်သိနိုင်ပါတယ်။

        မြန်မာနိုင်ငံဟာ မိမိနိုင်ငံရဲ့ တည်နေရာ ပထဝီအနေအထားရဲ့ အားသာချက်အပေါ်မှာ အကျိုးကျေးဇူးခံစားနေရတယ်ဆိုတာ သံသယရှိစရာ မလိုပါဘူး။

        ကျွန်မတို့ မြန်မာနိုင်ငံမှာ မိုးရွာတုန်း ရေခံ ဆိုတဲ့ ဆိုရိုးစကားတစ်ခုရှိပါတယ်။

        ASEAN + 3 Macroeconomic Research Office က လတ်တလောပြုလုပ်တဲ့ မြန်မာနိုင်ငံရဲ့ စီးပွားရေးဖွံ့ဖြိုးမှု အလားအလာ ခန့်မှန်းချက်အရ မြန်မာ့စီးပွားရေးဟာ ၂၀၁၈ – ၂၀၁၉ ဘဏ္ဍာနှစ်မှာ ၇.၄ ရာခိုင်နှုန်း တိုးတက်လိမ့်မယ်လို့ မျှော်မှန်းထားပါတယ်။ ၂၀၁၆ – ၂၀၁၇ ဘဏ္ဍာနှစ်တုန်းက ၅.၉ ရာခိုင်နှုန်းနဲ့ ၂၀၁၇ – ၂၀၁၈ ဘဏ္ဍာနှစ်မှာ ၆.၈ ရာခိုင်နှုန်းရှိခဲ့ရာကနေ ယခုဘဏ္ဍာနှစ်မှာ ပိုမိုတိုးတက်လာမယ်လို့ ခန့်မှန်းတာကို တွေ့ရမှာ ဖြစ်ပါတယ်။

        ဒီအစီရင်ခံစာမှာပဲ ၂၀၁၈ – ၂၀၁၉ ဘဏ္ဍာနှစ်မှာ ငွေကြေးဖောင်းပွမှုနှုန်းကို ၅ ရာခိုင်နှုန်းနဲ့ တည်ငြိမ်နေလိမ့်မယ်လို့ ခန့်မှန်းထားပါတယ်။ ဒီခန့်မှန်းချက်က ကျွန်မတို့ မျှော်မှန်းထားတာထက် မြင့်နေပေမယ့်လည်း ယခင်နှစ်ကထက်စာရင် တိုးတက်မှုရှိလာတာ တွေ့ရမှာဖြစ်ပါတယ်။ ၂၀၁၅ ခုနှစ်မှာတော့ အမြင့်ဆုံး ငွေကြေးဖောင်းပွမှုနှုန်း ၉.၉၉ ရာခိုင်နှုန်းရှိခဲ့ပါတယ်။

        ယခုလို အပေါင်းလက္ခဏာဆောင်တဲ့ နိုင်ငံ့စီးပွားရေးအလားအား ခန့်မှန်းချက်တွေအပေါ် အကောင်းဖက်မှ ရှုမြင်ပါက ဒေသတွင်းနှင့် မြန်မာနိုင်ငံအတွက် ယခုအချိန်ဟာ ရည်မှန်းချက်မြင့်မြင့်ထားပြီး ရဲရဲဝံ့ဝံ့ ကြိုးပမ်းဆောင်ရွက်ရမည့် အချိန်ဖြစ်ပါတယ်။

        ကမ္ဘာ့အသိုက်အဝန်းထဲမှ နိုင်ငံတစ်ခုအနေဖြင့် မြန်မာအစိုးရဟာ ကုလသမဂ္ဂ အဖွဲ့အစည်းက ချမှတ်ထားတဲ့ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှု ပန်းတိုင်များ (SDG) ကို အကောင်အထည်ဖော် ဆောင်ရွက်ရန် ဆုံးဖြတ်ထားပြီးလည်း ဖြစ်ပါတယ်။

        လူမှုရေး၊ စီးပွားရေးနှင့် ပတ်ဝန်းကျင်ဆိုင်ရာ ပြောင်းလဲမှုများ၊ ဆက်လက်ဆောင်ရွက်မည့် ပြုပြင်ပြောင်းလဲမှုများ၏ လမ်းပြမြေပုံဖြစ်တဲ့ မြန်မာ့စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း (MSDP) ကို ရေးဆွဲပြဌာန်းခဲ့ပြီး ဖြစ်ပါတယ်။

        မြန်မာ့စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း (MSDP) ကို မဏ္ဍိုင်ကြီး (၃) ရပ်၊ ပန်းတိုင် (၅) ရပ်၊ နည်းဗျူဟာ (၂၈) ခုနှင့် လက်တွေ့လုပ်ငန်းစဉ် (၂၅၁) ခုတို့ဖြင့် ရေးဆွဲထားပြီး နိုင်ငံတော်ရဲ့ ဖွံ့ဖြိုးမှုမျှော်မှန်းချက်အဖြစ်  တွေ့မြင်ရမှာ ဖြစ်ပါတယ်။

        မြန်မာ့စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း (MSDP) ဟာ နိုင်ငံရဲ့ နှစ်ရှည်မျှော်မှန်းချက်ဖြစ်ပြီး ငြိမ်းချမ်းရေး၊ သာယာဝပြောရေးနှင့် ဒီမိုကရေစီနိုင်ငံအဖြစ် မျှော်မှန်းတည်ဆောက်သွားဖို့ ရည်ရွယ်ပါတယ်။

        ဒီ MSDP က တိုင်းဒေသကြီးပြည်နယ်များအကြား စီးပွားရေးနှင့် လူမှုရေးကဏ္ဍအသီးသီးကြား ရင်းနှီးမြှုပ်နှံမှုနှင့် မဟာဗျူဟာမြောက်ဖွံ့ဖြိုးမှုအတွက် ဦးစားပေးအစီအစဉ်အလိုက် အကောင် အထည်ဖော်ရာမှာ အသေးစိတ်မဟာဗျူဟာ စီမံကိန်းအဖြစ်နဲ့ အထောက်အကူပြုမှာဖြစ်ပါတယ်။

        ပထမပန်းတိုင်က နိုင်ငံရေးတည်ငြိမ်မှု ရရှိအောင် ဆောင်ရွက်ပြီး ငြိမ်းချမ်းရေးနှင့် ပြန်လည်သင့်မြတ်ရေးကို ဦးတည်ထားတာဖြစ်ပါတယ်။ ဒုတိယပန်းတိုင် အနေနဲ့ကတော့ စီးပွားရေးတည်ငြိမ်မှုကို ထိန်းသိမ်းပြီးတော့ မေခရိုစီးပွားရေး စီမံခန့်ခွဲမှုကို ဦးတည်လုပ်ဆောင်သွားဖို့ ဖြစ်ပါတယ်။ တည်ငြိမ်မှုမရှိတဲ့ စီးပွားရေးက ကျယ်ပြန့်ပြီး ကဏ္ဍစုံ ဖွံ့ဖြိုးတိုးတက်ရေးကို လက်တွေ့ လုပ်ဆောင်ရာမှာ မဖြစ်နိုင်ပါဘူး။ အဆိုပါ မျှော်မှန်းချက် (၁) နဲ့ (၂) တို့ဟာ အနာဂတ်ဖွံ့ဖြိုးတိုးတက်မှုအတွက် အဓိကအရေးကြီးဆုံး အခြေခံထားရမယ့် အုတ်မြစ်များထဲက အရေးပါတဲ့ အပိုင်းမှာ ပါဝင်ပါတယ်။

        ပန်းတိုင် (၃) ကတော့ အလုပ်အကိုင်ဖန်တီးမှု နဲ့ ပုဂ္ဂလိက ကဏ္ဍဖွံ့ဖြိုးမှုကို ဖော်ဆောင်နိုင်ဖို့ဖြစ်ပြီး ပန်းတိုင်း (၄) ကတော့ ပညာရေးနှသင့် ကျန်းမာရေး စောင့်ရှောက်မှုကို ဦးတည်ထားတဲ့ လူသားစွမ်းဆောင်ရည်နဲ့ လူမှုဖွံ့ဖြိုးမှု အရည်အသွေးရှိအောင် ထူထောင်ဖို့ဖြစ်ပါတယ်။

        အပိုင်း (၅) ကတော့ သဘာဝသယံဇာတ စီမံခန့်ခွဲမှုနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ရေးကို ဦးတည်ထားတာဖြစ်ပြီး ရေရှည်တည်တံ့ခိုင်မြဲတဲ့ သဘာဝပတ်ဝန်းကျင်နှင့် သယံဇာတတွေကို စီမံခန့်ခွဲမှုက တစ်ဆင့် မိမိနိုင်ငံကို သာမက ကမ္ဘာမြေကြီးကိုပါ ကာကွယ်နိုင်ဖို့ ဖြစ်ပါတယ်။

        မဟာဗျူဟာ ၃.၃ ဟာ ယနေ့အခမ်းအနားနဲ့ တိုက်ရိုက်သက်ဆိုင်နေပြီး ရင်းနှီးမြှုပ်နှံမှုများနှင့် စီးပွားရေးဝန်ကျင်ကောင်းများ ဖန်တီးနိုင်ဖို့အတွက် ကျွန်မတို့ရဲ့ ကတိကဝတ်တွေကို ဖော်ပြရာ ရောက်ပါတယ်။

        ဒါကြောင့်မို့လို့ ဒီနေ့အခမ်းအနားဟာ အဆိုပါ မဟာဗျူဟာစီမံကိန်းရဲ့ အနှစ်သာရကို တစ်စိတ်တစ်ပိုင်း အကောင်အထည်ဖော် ဆောင်ရွက်နေတာလို့ ပြောနိုင်ပါတယ်။

        ကျွန်မတို့ အစိုးရတာဝန်ယူခဲ့တဲ့ အချိန်ကစပြီး နိုင်ငံခြားရင်နှီးမြှုပ်နှံမှုနဲ့ ပက်သက်တဲ့ ဖြေလျော့မှုတွေ လွယ်ကူချောမွေ့အောင် ဆောင်ရွက်မှုတွေကို တက်တက်ကြွကြွ လုပ်ဆောင်ခဲ့ပါတယ်။

        မကြာသေးမီနှစ်များအတွင်းမှာ ပြုပြင်ပြောင်းလဲမှုများကို လုပ်ဆောင်ခဲ့ရာမှာ အချို့က သိသာထင်ရှားပြီး အချို့ကသိမ်မွေ့ပေမယ့် ထူးခြားတဲ့အပြောင်းအလဲတွေ လုပ်နိုင်ခဲ့တာကတော့ တူတူဘဲဖြစ်ပါတယ်။

        ဒီပြုပြင်ပြောင်းလဲမှုတွေဟာ အားလုံးပါဝင်တဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို ဦးတည်တဲ့ ဈေးကွက် စီးပွားရေးစနစ်ကို  ဖော်ဆောင်နိုင်ဖို့ ရည်ရွယ်တဲ့ ဥပဒေနဲ့ လုပ်ထုံးလုပ်နည်း စည်းမျဉ်းစည်းကမ်း တွေကို ခေတ်နဲ့အညီ ပြုပြင်ပြောင်းလဲနိုင်ဖို့ လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။

        ဒါ့အပြင် ကမ္ဘာ့စီးပွားရေးနဲ့ အကောင်းဆုံး ပိုမိုပူးပေါင်းချိတ်ဆက်နိုင်မှုကတစ်ဆင့် မြန်မာ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်နိုင်ဖို့ အဖွဲ့အစည်းဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေကိုလည်း လုပ်ဆောင် နိုင်ခဲ့ပါတယ်။ ဒီပြုပြင်ပြောင်းလဲမှုတွေဟာ ကျွန်မတို့ရဲ့ ရင်းနှီးမြှုပ်နှံမှု ဝန်းကျင်ကို အခြေခံကျကျ တိုးတက်ပြောင်းလဲဖို့ ဆောင်ရွက်ရာမှာ ကောင်းမွန်တဲ့ အကျိုးရလာဒ်တွေ ရရှိခဲ့ပါတယ်။

        ပထမဆုံး ပြုပြင်ပြောင်းလဲမှုအနေနဲ့ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ဥပေဒေကို ၂၀၁၆ ခုနှစ်တွင် ပြဌာန်းနိုင်ခဲ့ခြင်းဖြစ်ပြီး ဒီဥပဒေက ရင်းနှီးမြှုပ်နှံသူများအတွက် ပိုမိုပွင့်လင်းမြင်သာမှု၊ ပိုမိုဖြေလျော့မှုတွေ ပြုလုပ်ထားတဲ့အပြင် ရင်းနှီးမြှုပ်နှံသူများကို ပိုမိုအကာအကွယ်ပေးတဲ့ ရင်းနှီးမြှုပ်နှံမှုဝန်းကျင်ကိုလည်း ထည့်သွင်းပြဌာန်းထားသလို နိုင်ငံတကာနှင့်ဒေသတွင်း သဘောတူညီမှုများနှင့်အညီလည်း ရေးဆွဲထား တာ ဖြစ်ပါတယ်။

      ဒါ့အပြင် ၂၀၁၇ ခုနှစ် ဒီဇင်ဘာလမှာ မြန်မာကုမ္ပဏီများဥပဒေကို ပြဌာန်းနိုင်ခဲ့ပြီး ၂၀၁၈ ခုနှစ် သြဂုတ်လတွင် အသက်ဝင်ခဲ့ပြီး ဖြစ်ပါတယ်။ ယခင် မြန်မာနိုင်ငံကုမ္ပဏီ အက်ဥပဒေအရ နိုင်ငံသားပိုင် ကုမ္ပဏီတစ်ခုမှာ နိုင်ငံခြားရှယ်ယာ ပါဝင်မှုရှိပါက နိုင်ငံခြားကုမ္ပဏီအဖြစ် သတ်မှတ်ခဲ့ပါတယ်။

      ယခုဥပဒေအသစ်၏ပြဌာန်းချက်အရ နိုင်ငံသားပိုင်းကုမ္ပဏီတစ်ခုမှာ နိုင်ငံခြားသားရှယ်ယာ ၃၅ ရာခိုင်နှုန်းအတထိ ပါဝင်သည့်တိုင် မြန်မာနိုင်ငံသားကုမ္ပဏီအဖြစ်နဲ့သာ သတ်မှတ်တဲ့အတွက် နိုင်ငံသား ကုမ္ပဏီ၏ အခွင့်အရေးများ ဆုံးရှုံးမှု မရှိတော့တာ တွေ့ရမှာ ဖြစ်ပါတယ်။

      ကုမ္ပဏီဥပဒေအသစ်က စီးပွားရေးလုပ်ကိုင်မှု လွယ်ကူမှုညွှန်းကိန်းတွင် မြန်မာနိုင်ငံ၏ အဆင့်တိုးတက်စေရန် အထောက်အကူပြုဖို့အတွက် အနည်းစုရင်းနှီးမြှုပ်နှံသူ အတွက် အကာအကွယ် ပေးတဲ့ ပြဌာန်းချက်ကိုလည်း ထည့်သွင်းထားပါတယ်။

        အဓိက ပြုပြင်ပြောင်းလဲကြိုးပမ်းအားထုတ်မှုအနေနဲ့ ကုမ္ပဏီမှတ်ပုံတင်ရာမှာ မှတ်ပုံတင်ရုံးကို ကိုယ်တိုင်သွားရောက်ရန် မလိုတော့ဘဲ အွန်လိုင်းမှတ်ပုံတင်စနစ် (MyCo) ကတစ်ဆင့် ဆောင်ရွက်နိုင်တာပဲ ဖြစ်ပါတယ်။

        အွန်လိုင်းမှတ်ပုံတင်စနစ် စတင်ခဲ့တဲ့ ၅ လတာကာလအတွင်းမှာ ကုမ္ပဏီပေါင်း ၈၄၀၀ ကို အွန်လိုင်းစနစ်နဲ့ အသစ်မှတ်ပုံတင်နိုင်ခဲ့ပြီး ဖြစ်ပါတယ်။ ဒါဟာ ၁၉၈၈ ခုနှစ်ကနေ ၂၀၁၈ ခုနှစ်အထိ နှစ်ပေါင်း ၃၀ အတွင်း စုစုပေါင်းမှတ်ပုံတင်ခဲ့မှုရဲ့ ၁၀ ရာခိုင်နှုန်းရှိပါတယ်။

        ဒီတိုးတက်အောင်မြင်မှုကို အတုယူပြီး အခြားနယ်ပယ်တွေမှာပါ ပိုမို ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်နိုင်ဖို့ ရည်ရွယ်ဆောင်ရွက်လျက်ရှိပါတယ်။ နောက်တစ်ဆင့်အနေနဲ့ လူနဲ့လုပ်ဆောင်ရတဲ့ လုပ်ငန်းတွေကို အွန်လိုင်းနဲ့ ဆောင်ရွက်တဲ့စနစ်ကို ပြောင်းလဲဆောင်ရွက်နိုင်ဖို့ တစ်ဆင့်ခြင်း တိုးတက်ဆောင်ရွက်သွားမှာဖြစ်လို့ နောင်ဆိုရင် ရင်းနှီးမြှုပ်နှံသူများအနေနဲ့ ဌာနများစွာ နေရာများစွာကို သွားရောက်လုပ်ကိုင်စရာ မလိုတော့အောင် ကြိုးပမ်းဆောင်ရွက်သွားမှာဖြစ်ပါတယ်။

လက်လီကဏ္ဍတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဖြေလျော့ခြင်း

        ကုမ္ပဏီဥပဒေ ပြဌာန်းမှုနှင့်အတူ စီးပွားရေးကဏ္ဍ အသစ်များကိုလည်း ရင်းနှီးမြှုပ်နှံသူများအတွက် ဖွင့်လှစ်ပေးခဲ့ပါတယ်။ ဥပမာအားဖြင့် ၂၀၁၈ ခုနှစ်မှာ နိုင်ငံခြားသား ၁၀၀ ရာခိုင်နှုန်းပိုင်ဆိုင်သည့် ကုမ္ပဏီများကို လက်ကားနဲ့ လက်လီကဏ္ဍမှာ ရင်းနှီးမြှုပ်နှံမှုကို ခွင့်ပြုပေးခဲ့တဲ့အတွက် ဥရောပ၊ ဂျပန်နဲ့ တောင်ကိုရီးယားနိုင်ငံများ အပြင် အခြားနိုင်ငံများကိုပါ ဆွဲဆောင်နိုင်ခဲ့ပါတယ်။

ပညာရေးကဏ္ဍကိုဖြေလျော့ပေးခဲ့ခြင်း

        ဒါ့အပြင် မြန်မာနိုင်ငံရဲ့ ပညာရေးဝန်ဆောင်မှု ကဏ္ဍမှာ နိုင်ငံခြားသား ၁၀၀ ရာခိုင်နှုန်းပိုင်တဲ့ ပညာရေးဝန်ဆောင်မှုလုပ်ငန်းတွေကို ရင်းနှီးမြှုပ်နှံခွင့် ပေးခဲ့ပါတယ်။ ဒါ့အပြင် ဖက်စပ်ကုမ္ပဏီများအဖြစ်နဲ့ လည်း ထူထောင်ခွင့်ပြုခဲ့ပါတယ်။

ရင်းနှီးမြှုပ်နှံမှုကော်မရှင် ပြုပြင်ပြောင်းလဲမှု

        အရေးပါတဲ့ ဆောင်ရွက်မှု တစ်ခုအနေနဲ့ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်ကို ပြန်လည်ဖွဲ့စည်းခဲ့ပြီး ဒီအဖွဲ့သစ်အနေနဲ့ စီမံခန့်ခွဲမှုပုံသဏ္ဍန်အသစ်နဲ့ ပြုပြင်ပြောင်းလဲမှုတွေကို အရှိန်အဟုန်နဲ့ ဆောင်ရွက်လျက်ရှိပါတယ်။ ဒီအဖွဲ့ဟာ မြန်မာနိုင်ငံကို ဒေသတွင်းကုန်သွယ်မှုနဲ့ ရင်းနှီးမြှုပ်နှံမှုအတွက် အချက်အချာ ဒေသအဖြစ် ပြောင်းလဲနိုင်ဖို့ သန္နိဌာန် ချထားပြီး ရင်းနှီးမြှုပ်နှံမှု ခွင့်ပြုမိန့်ထုတ်ပေးတဲ့ ကိစ္စရပ်တွေမှာ ပွင့်လင်းမြင်သာပြီး လွယ်ကူချောမွေ့အောင် အစီအစဉ်တွေ ချမှတ်ဆောင်ရွက်လျက်ရှိပါတယ်။

        ရင်းနှီးမြှုပ်နှံမှုကော်မရှင်အဖွဲ့အသစ်ဟာ ကော်မရှင်ရဲ့လုပ်ငန်းတွေ အပေါ်မှာသာကမ အခြား အစိုးရဌာနများရဲ့ ရင်းနှီးမြှုပ်နှံမှုနဲ့ဆက်စပ်တဲ့ လုပ်ငန်းဆောင်ရွက်မှုများကိုပါ ပိုမိုလွယ်ကူ ရှင်းလင်းပြီး ကြိုတင်ခန့်မှန်းနိုင်စွမ်းရှိတဲ့ စံချိန်စံညွှန်းမှီ လုပ်ထုံးလုပ်နည်းများ (Standard Operating Procedure – SOPs) ရေးဆွဲချမှတ်ဆောင်ရွက်နိုင်ဖို့အတွက်သာမက ဝန်ဆောင်မှုတွေ ပေးရာမှာ (Single Window) စနစ်ကိုပါ ကျင့်သုံးဆောင်ရွက်နိုင်ဖို့ ပြန်လည်သုံးသပ် လုပ်ဆောင်လျက်ရှိပါတယ်။

        ကျွန်မတို့အနေနဲ့ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးစီမံကိန်းကို မကြာသေးမီကပဲ ရေးဆွဲထုတ်ပြန်နိုင်ခဲ့ပါတယ်။ ဒီစီမံကိန်းက နောင်အနှစ် ၂၀ အတွင်း အမေရိကန်ဒေါ်လာ ၂၀၀ ဘီလီယံ ကျော်ဖိုးရှိတဲ့ တာဝန်ယူမှုရှိပြီး အရည်အသွေးရှိတဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို ဖိတ်ခေါ်ဆောင်ရွက်နိုင်ဖို့ မျှော်မှန်းထားသလို မိမိနိုင်ငံကို ဝင်ငွေ အလယ်အလတ်ရှိတဲ့ နိုင်ငံတစ်ခုအဖြစ် ရောက်ရှိဖို့ မျှော်မှန်းထားပါတယ်။

        ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်ကို အထောက်အကူပြုစေရန် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန (MOIFER) ကို ၂၀၁၈ ခုနှစ် နိုဝင်ဘာလ ၁၉ ရက်နေ့တွင် ဖွဲ့စည်းခဲ့ပါတယ်။ MOIFER အနေနဲ့ ရင်းနှီးမြှုပ်နှံမှုဝန်းကျင်ကောင်း ဖြစ်ပေါ်ရေး ဒေသတွင်း ပူးပေါင်းဆောင်ရွက်ရေး မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်မှု မိတ်ဖက်နိုင်ငံများနှင့် နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ပူးပေါင်း ဆောင်ရွက်မှုကို ပိုမို ထိရောက်စွာ ဆောင်ရွက်နိုင်ရေးတို့ကို အဓိကထား ဆောင်ရွက်ခြင်းဖြင့် နိုင်ငံတော်နဲ့ ပြည်သူများရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းဆောင်ရွက်သွားဖို့ ရည်ရွယ်ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။

        ဦးစားပေးရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကို ဖော်ထုတ်ရာမှာ ပိုမိုမဟာဗျူဟာကျပြီး ပွင့်လင်းမြင်သာမှု ရှိစေဖို့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာနတို့က စီမံကိန်းဘဏ်ကို ရေးဆွဲခဲ့ပါတယ်။ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်မှာ အဓိကကျတဲ့ စီမံကိန်းများကို စီစစ်သုံးသပ်အကဲဖြတ်ပြီး ဦးစားပေးစီမံကိန်းများအဖြစ် သတ်မှတ်ကာ အစိုးရဘတ်ဂျက်၊ ဖွံ့ဖြိုးမှုအကူအညီ သို့မဟုတ် ပုဂ္ဂလိကကဏ္ဍ ရင်းနှီးမြှုပ်နှံမှုစတဲ့ အသင့်လျော်ဆုံး ဘဏ္ဍာရေးအရင်းအမြစ်များကို ရယူအသုံးချတဲ့ ပုံသဏ္ဍာန်အပြင် အစိုးရပုဂ္ဂလိက ဆောင်ရွက်သွားမယ့် ပုံသဏ္ဍာန် အကောင်အထည် ဖော်နိုင်ရန် စုစည်းထားတဲ့ အချက်အလက်ဘဏ် (Data Bank) ဖြစ်ပါတယ်။

        မြန်မာနိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှုဝန်းကျင် ပြုပြင်ပြောင်းလဲမှုတွေအပေါ် ကြိုးပမ်းဆောင်ရွက်မှုကို ကမ္ဘာ့ဘဏ်မှ အသိအမှတ်ပြုခဲ့ပြီး ၂၀၁၇ ခုနှစ်တွင် Star Reformer Award ကို အပ်နှင်းခဲ့ပါတယ်။ ဒီအောင်မြင်မှုအပေါ်မှာ ကျွန်မနိုင်ငံက ကျေနပ်မနေဘဲ ရင်းနှီးမြှုပ်နှံမှုဝန်းကျင်တွေ ပိုမိုကောင်းမွန်အောင် ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

        မြန်မာ့ဖွံ့ဖြိုးတိုးတက်မှုအတွက် အခြေခံ အဆောက်အအုံလိုအပ်ချက် ကွာခြားချက် ရှိနေခြင်းကဲ့သို့ သော စိန်ခေါ်မှုများစွာလည်း ရှိနေပါသေးတယ်။ မြန်မာနိုင်ငံမှာ သဘာဝဓာတ်ငွေ့နှင့် ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်များ ပေါကြွယ်ဝသော်လည်း ကမ္ဘာပေါ်တွင် လျှပ်စစ်ဓါတ်အား ထုတ်လုပ်မှု အနည်းဆုံး နိုင်ငံတစ်ခု အဖြစ် ရှိနေပါသေးတယ်။

        မြန်မာ့ဆိပ်ကမ်းများကိုလည်း အဆင့်မြှင့်တင်ပြီး တစ်နေ့တစ်ခြားတိုးပွားလာတဲ့ ကုန်သွယ်မှု လိုအပ်ချက်တွေကို ဖြည့်ဆည်းနိုင်ဖို့ လိုအပ်နေပါတယ်။

        ဒီလို စိန်ခေါ်မှုတွေရှိနေတဲ့ နယ်ပယ်တွေဟာ ရင်းနှီးမြှုပ်နှံသူတွေအတွက် ကြီးမားတဲ့အခွင့်အလမ်း တွေအဖြစ် ရှိနေတဲ့အတွက် စိန်ခေါ်မှုများကို အခွင့်အလမ်းများအဖြစ် ပြောင်းလဲဆောင်ရွက်နိုင်ဖို့ တိုက်တွန်း ပြောကြားရင်း နိဂုံးချုပ်အပ်ပါတယ်။

Share on facebook
Share on twitter
Share on linkedin
Share on email
Share on print
ဆက်စပ်သောသတင်းများ

သင်ဟာရင်းနှီးမြုှပ်နှံသူတစ်ဦးလား

မြန်မာနိုင်ငံ၏ ရင်းနှီးမြုှပ်နှှုံမှုဆိုင်ရာ အခွင့်အလမ်းများအား လေ့လာရန် စိတ်ဝင်စားပါသလား? သင်သိရှိလိုသည်များကို ဖြေကြားပေးရန်အတွက်ဆက်သွယ်လိုက်ပါ။

Download the Invest Myanmar Summit 2019 app today to request appointments* and check out the latest Summit programme.

*Only available to registered Summit participants.