U Thaung Tun Invest Myanmar Summit

မြန်မာနိုင်ငံ၏ အနာဂတ်စီးပွားရေးပတ်ဝန်းကျင်တိုးတက်စေရန် နိုင်ငံတော်အစိုးရမှ ပိုမိုအလေးထား ဖော်ဆောင်သွားမည် ဖြစ်ကြောင်း မြန်မာ့သမိုင်းဝင် ရင်းနှီးမြှုပ်နှံမှုထိပ်သီး အစည်းအဝေးကြီးတွင် ထပ်လောင်းကတိပြု

ပထမဦးဆုံးကျင်းပပြုလုပ်ခဲ့သည့် မြန်မာ့ရင်းနှီးမြှုပ်နှံမှုထိပ်သီးအစည်းအဝေး Invest Myanmar Summit 2019 ကို မြန်မာနိုင်ငံတော်အစိုးရမှ တည်ငြိမ်ပွင့်လင်းလှိုက်လဲှသော ရင်းနှီးမြှုပ်နှံမှု ပတ်ဝန်းကျင်အား ဖော်ဆောင်ရန် ကတိကဝတ်ပြု၍ လွန်ခဲ့သောအပတ် ဇန်နဝါရီ ၂၉ ရက် တွင် အောင်မြင်စွာကျင်းပ ပြီးစီးခဲ့ပါသည်။

အစည်းအဝေးပထမနေ့တွင် မြန်မာနိုင်ငံ တိုင်းဒေသကြီးနှင့်ပြည်နယ် ၁၀ ခု တို့မှ စီးပွားရေး အခွင့်အလမ်း အမြောက်အများကို အလေးထား ပြသခဲ့ပါသည်။ ဒုတိယနေ့တွင်မူ ၂၀၁၇ ခုနှစ်က ရေးဆွဲခဲ့သည့် မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်း (MSDP) အတွက် မဟာဗျူဟာများ၊ ၎င်းတို့နှင့်သက်ဆိုင်သော ဥပဒေ၊ မူဝါဒ ပြုပြင်ပြောင်းလဲမှုများ အား လွန်ခဲ့သည့် ၃ နှစ်ကျော် ကာလမှစ၍ မည်သို့ဖော်ဆောင်ခဲ့ကြောင်းကိုလည်း တက်ရောက် သူများက လေ့လာခွင့်ရရှိခဲ့ပါသည်။

ထိပ်သီးအစည်းအဝေး ဒုတိယနေ့ကို ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန (MIFER) ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်း၊ YGA Capital Limited ဦးဆောင်ညွှန်ကြားရေးမှုး ဦးသူရကိုကိုတို့၏ အပြန်အလှန်ဆွေးနွေးမှုဖြင့် ဖွင့်လှစ်ခဲ့ပါသည်။ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန (MIFER)၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန (DICA) ၏ ညွှန်ကြားရေးမှုးချုပ် ဦးအောင်နိုင်ဦး မှလည်း မြန်မာ့ရင်းနှီးမြှုပ်နှံမှုပတ်ဝန်းကျင် အထူးသတင်း အချက်အလက်များ အကြောင်းကို အသေးစိတ်ရှင်းလင်းပြောကြားခဲ့ပါသည်။

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဆက်အောင်နှင့် နိုင်ငံတော်စီးပွားရေးရာ ပေါင်းစပ်ညှိနှိုင်းရေး ကော်မတီ (NECC) အဖွဲ့ဝင် ဦးမင်းရဲပိုင်ဟိန်း အစရှိသည့် နိုင်ငံတော်၏ စီးပွားရေး ကဏ္ဍတွင် အရေးပါသော ပုဂ္ဂိုလ်များမှလည်း မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်း (MSDP) နှင့် ပြည်သူ့ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ စီမံကိန်းဘဏ် (National Project Bank) တို့ အကြောင်းကို အသေးစိတ်ရှင်းလင်း ပြောကြားခဲ့ပါသည်။

“ကျွန်တော်တို့က စက်မှုတော်လှန်ရေးလို့ ပြောလို့ရတဲ့ အရေးပါတဲ့ အလှည့်အပြောင်းမှာ ရောက်ရှိ နေပါတယ်” ဟု ဦးသောင်းထွန်းက ပြောကြားခဲ့ပါသည်။ “မြန်မာနိုင်ငံကလည်း ဖြစ်လာမဲ့ အပြောင်း အလဲတွေ အတွက် ပြင်ဆင်မှုတွေလုပ်နေပါတယ်။ ပထမဆုံးလုပ်ခဲ့တာတွေထဲက တစ်ခုကတော့ စီးပွားရေး ကဏ္ဍမှာ ပြုပြင်ပြောင်းလဲမှုတွေ ပြုလုပ်တာဘဲ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ လအနည်းငယ်မှာ ဆောင်ရွက်ခဲ့တဲ့ အရေးပါတဲ့ ပြုပြင်ပြောင်းလဲမှုတွေကြောင့် မြန်မာနိုင်ငံမှာ စီးပွားရေးလုပ်ငန်းတွေ လုပ်ဆောင်ဖို့ ပိုမိုလွယ်ကူ လာမှာပါ” ဟုလည်း ဆွေးနွေးပွဲသို့ တက်ရောက်သည့် ဧည့်သည်များအား ကတိပေးပြောကြားခဲ့ပါသည်။ ဦးသောင်းထွန်းက မြေယာဘဏ်အား ဖွဲ့စည်းရန်လည်း စီစဉ်ထားရှိကြောင်းနှင့် ၎င်းဘဏ်တွင် အသုံးပြု နိုင်သော မြေယာနှင့် ပတ်သက်သည့် အချက်အလက်များအား ပြည်သူ အားလုံးတို့ သိရှိနိုင်စေရန် ဆောင်ရွက်ထားသည် ဟုလည်း ပြောကြားခဲ့ပါသည်။ ”အဲ့ဒီ စနစ်က ပိုမိုပွင့်လင်း မြင်သာမှုကို ဖြစ်စေမှာ ဖြစ်ပြီး မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံချင်တဲ့ ရင်းနှီးမြှုပ်နှံသူ အားလုံး အတွက် တမ်းတူအခွင့်အရေးကို ရရှိစေမှာ ဖြစ်ပါတယ်” ဟုလည်း ဦးသောင်းထွန်းက ထပ်မံပြောကြားခဲ့ပါသည်။

ရခိုင်ပြည်နယ်ဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုနှင့်စပ်လျဉ်းသည့် စိုးရိမ်ပူပန်မှုများကိုလည်း ရှင်းလင်းပြောကြား ခဲ့ပါသည်။ ဦးသောင်းထွန်းက ပညာရေး၊ ကျန်းမာရေးနှင့် အလုပ်အကိုင်ဖန်တီးမှုများပေါ်မူတည်၍ “အားလုံးပါဝင်နိုင်မယ့် နည်းလမ်းတွေနဲ့ အသိုင်းအဝန်းတစ်ခုလုံး တစ်စုတစ်စည်းတည်း ဖြစ်လာစေဖို့” အလေးပေးလုပ်ဆောင်သင့်ကြောင်း တိုက်တွန်းပြောကြားခဲ့ပါသည်။ “ကျွန်တော်တို့ အားလုံး ပူးပေါင်းပြီးတော့ ရခိုင်ပြည်နယ်ကို ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်ရမှာပါ” ဟုလည်း တက်ရောက်လာသူများအား တိုက်တွန်း ပြောကြားခဲ့ပါသည်။ “အခုအချိန်က အားလုံးပူးပေါင်းပြီး ညီညွတ်မှုရှိအောင် လုပ်ဆောင်ရမှာပါ။ အဲ့ဒါမှလည်း အခြေအနေတွေကို ပြောင်းလဲလာနိုင်မှာ ဖြစ်တယ်” ဟုလည်း ဦးသောင်းထွန်းက ပြောကြားခဲ့ပါသည်။

ပြည်တွင်းပြည်ပမှ အစည်းအဝေးတက်ရောက်လာသူများ အားလုံးက ဦးသောင်းထွန်း၏ မျှတသည့် အကောင်းမြင်စိတ်နှင့် လုပ်နိုင်ရမည်ဟူသောတွေးခေါ်မှုတို့မှာ မြန်မာနိုင်ငံ စီးပွားရေးဖွံ့ဖြိုး တိုးတက် လာစေရန် ကောင်းသောလက္ခဏာများဖြစ်ကြောင်း ကြိုဆိုလက်ခံခဲ့ကြပါသည်။ ယင်းကြိုဆိုမှုများ အနက် အကောင်းဆုံး သာဓကတစ်ရပ်အဖြစ် New Yangon Development Company Limited ၏ ဒုတိယဥက္ကဌနှင့် အမှုဆောင်အရာရှိချုပ် ဦးသိမ်းဝေ @ Mr. Serge Pun က “ဘယ်လိုစစ်မှန်တဲ့ ပြောင်းလဲမှုတွေ လုပ်ဆောင်ဖို့ နိုင်ငံတော်က ရည်ရွယ်ထားလဲ ဆိုတာရဲ့ အတည်ပြုချက်တစ်ခုပါ” ဟူ၍ ဝိုင်းဖွဲ့ဆွေးနွေးမှုအား ချီးမွမ်းပြောဆိုခဲ့မှုပင် ဖြစ်ပါသည်။

ပြည်သူ့ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ စီမံကိန်းဘဏ် (National Project Bank) နှင့် ပတ်သတ်၍ ဦးဆက်အောင်က “အခုက လက်တွေ့ အကောင်အထည်ဖော်ရမယ့် အချိန်ပါ” ဟု ပြောကြားခဲ့ ပါသည်။ “အရင်က အစိုးရနှင့်ဝန်ကြီးဌာနတွေက တုံ့ပြန်မှုဘဲ အမြဲရှိခဲ့ပါတယ်။ အခုဆိုရင် ဝန်ကြီးဌာနတွေက သူတို့ကိုယ်ပိုင် စီမံကိန်းတွေ၊ ကဏ္ဍအလိုက်စီမံမှုတွေနှင့် ပိုပြီးတော့ တက်တက် ကြွကြွလုပ်ဆောင်လာပါပြီ” ဟုလည်း ထည့်သွင်းပြောကြားခဲ့ပါသည်။

အဆုံးသတ်မှတ်ချက်အနေဖြင့် ဦးဆက်အောင်က မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက် ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း (MSDP) မှ တဆင့် ရင်းနှီးမြှုပ်နှံသူများအား “လုံခြုံမှု၊ အကျိုး သက်ရောက်မှုနှင့် လွယ်ကူစွာ ရင်းနှီးမြှုပ်နှံနိုင်သော ပတ်ဝန်းကျင်တစ်ခု” ဖြစ်လာစေရန် ထောက်ပံ့ ပေးသွားနိုင်မည် ဟုလည်း ပြောကြားခဲ့ပါသည်။ “ဝန်ကြီးဌာနတစ်ခုချင်းစီက လုပ်ငန်းစဉ်တွေ အားလုံးကို ပြောင်းလဲဖို့လိုပါတယ်။ အဲ့ဒါတွေအားလုံးဟာ သင့်တင့်လျောက်ပတ်တဲ့ စံလုပ်ထုံး လုပ်နည်းတွေ ဖြစ်နေဖို့လိုပါတယ်” ဟုလည်း ထပ်မံပြောကြားခဲ့ပါသည်။

ဦးအောင်နိုင်ဦးက ပြုပြင်ပြောင်းလဲမှုများ၏ အကျဉ်းချုပ်အား ရှင်းလင်းပြောကြားခဲ့ပြီးနောက် ရင်းနှီး မြှုပ်နှံသုူများ၏ တိုင်ကြားချက်များအားလုံးအား ရှင်းလင်းဆောင်ရွက်ပေးမည့် မြန်မာရင်းနှီးမြှုပ်နှံ မှုအထောက်အပံ့ကော်မတီနှင့် နိုင်ငံတဝှမ်းရှိ စီးပွားရေးလုပ်ငန်းများအား ပိုမိုလွယ်သူ ချောမွေ့စေရန် ပံ့ပိုးပေးမည့် ရင်းနှီးမြှုပ်နှံမှုလေ့လာစောင့်ကြည့်ရေးဌာနခွဲ တို့အားလည်း မိတ်ဆက်ခဲ့ပါသည်။ “အကာအကွယ်ပေးမှုက ရင်းနှီးမြှုပ်နှံသူတွေအားလုံးအတွက် အရေးအပါဆုံး အချက်တစ်ခုပါ။ အစိုးရက ရင်းနှီးမြှုပ်နှံသူတွေရဲ့ ပူပန်မှုတွေဖြစ်တဲ့ ပွင့်လင်းမြင်သာမှုနှင့် ကြိုတင်ခန့်မှန်းနိုင်မှု စတာ တွေကို အထူးအရေးပေး ထည့်သွင်းစဉ်းစားထားပါတယ်” ဟုလည်း ပြောကြားခဲ့ပါသည်။

၎င်းကဲ့သို့ အရေးပါသော ဆွေးနွေးပြောကြားမှု အပြီးတွင် ပြည်တွင်းပြည်ပ ပုဂ္ဂလိက ကဏ္ဍမှ ရင်းနှီး မြှုပ်နှံသူများ၏ အမြင်များကိုလည်း ဝိုင်းဖွဲ့ဆွေးနွေးခဲ့ပါသည်။ ထိုစကားဝိုင်းတွင် New Yangon Development Company Ltd., ၏ ဒုတိယဥက္ကဌနှင့် အမှုဆောင်အရာရှိချုပ် Mr. Serge Pun @ ဦးသိမ်းဝေ၊ International Finance Corporation ၏ မြန်မာနှင့် ယိုးဒယားနိုင်ငံ ဆိုင်ရာ တာဝန်ခံမန်နေဂျာ Mr. Vikram Kumar ၊ CITIC Group (Myanmar) Co., Ltd ၏ ဦးဆောင်ညွှန်ကြားရေးမှုး Mr. Yuan Shaobin နှင့် Japan Chamber of Commerce and Industry in Myanmar (JCCI) ၏ ဥက္ကဌ Mr. Kunio Negishi တို့မှ ဆွေးနွေးပြောဆိုခဲ့ပြီး CDC Group ၏ မြန်မာနိုင်ငံဆိုင်ရာကိုယ်စားလှယ် ဒေါ်သီရိသန့်မွန်မှ moderator အဖြစ်ဆောင်ရွက်ခဲ့ ပါသည်။

Mr. Kumar က ပြည်သူ့ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာ စီမံကိန်းဘဏ် (National Project Bank) အား မြန်မာနိုင်ငံ စီးပွားရေးဖွံ့ဖြိုးမှုအတွက် “လိုအပ်နေတဲ့အစိတ်အပိုင်းတစ်ခု” ဟု ပြောကြားခဲ့ပါသည်။ “အယူအဆတစ်ခုကို ချမှတ်ဆောင်ရွက်ရမည့် အချိန်ပါ။ တရားမျှတတဲ့ လိုက်လျှောမှုတွေ၊ ပြိုင်ဆိုင်မှု ရှိတဲ့ ဝယ်ယူလုပ်ကိုင်မှုတွေနှင့် စီမံကိန်းတွေကို လက်တွေ့အကောင်အထည်ဖော်ရမည့် အချိန်ပါ။ အဲ့ဒါတွေကိုလုပ်ဆောင်မယ်ဆိုတဲ့ ခိုပ်မာတဲ့ဆုံးဖြတ်ချက်နှင့် ကတိကဝတ်တွေမရှိရင်တော့ နောက် သုံးနှစ်နေလည်း ကျွန်တော်တို့ ဒီအကြောင်းတွေကိုဘဲ ထပ်ခါထပ်ခါဆွေးနွေးနေရဦးမှာ ဖြစ်ပါ တယ်။ ဘာတိုးတက်မှုမှ ဖြစ်လာမှာ မဟုတ်ပါဘူး” ဟုလည်း ပြောကြားခဲ့ပါသည်။

“မြန်မာနိုင်ငံဟာ နိုင်ငံခြားမှလာရောက် ရင်းနှီးမြှုပ်နှံသူတွေအတွက် ကြီးမားတဲ့အခွင့်အလမ်း တစ်ခု လို့ ထင်ပါတယ်” ဟု Mr. Yuan က ပြောကြားခဲ့ပါသည်။ “ကျွန်တော်တို့က ရင်းနှီးမြှုပ်နှံသူတွေ အနေနှင့် အကျိုးအမြတ်ကျန်အောင်လုပ်သလို ဒေသခံပြည်သူတွေနှင့် အစိုးရတို့မှလည်း အကျိုး ကျေးဇူးတွေရှိအောင် ကြိုးစားလုပ်ပါတယ်။ ဒေသခံပြည်သူတွေ၊ အစိုးရနှင့် ရင်းနှီးမြှုပ်နှံသူတွေ အားလုံးတို့မှ လိုအပ်ချက်တွေကို မျှတအောင်လုပ်ပါ” ဟုလည်း ပြောကြားခဲ့ပါသည်။

“ကျွန်တော်က အနာဂတ်အတွက် အရမ်းကို အကောင်းမြင်ထားပါတယ်” ဟု ဦးသိမ်းဝေ က ပြောကြားခဲ့ပါသည်။ “မြန်မာ့ရင်းနှီးမြှုပ်နှံမှု ထိပ်သီးအစည်းအဝေး ၂၀၁၉ မှာ အားလုံးရဲ့ စိတ်နေစိတ်ထားတွေ ပြောင်းလဲသွားတယ်လို့ ကျွန်တော် ခံစားရပါတယ်။ ဒီအစည်းအဝေးကို ပြည်ထောင်စုဝန်ကြီးတွေ လာရောက်ပြီး စင်ပေါ်ကနေ သူတို့ရဲ့ တိုင်းနှင့်ပြည်နယ်ကို ရင်းနှီးမြှုပ်နှံသူတွေ လာရောက်မြှုပ်နှံဖို့ ဖိတ်ခေါ်နေကြပါတယ်။ ဒါဟာ ကျွန်တော်တို့ မျှော်လင့်နေတဲ့ ပြောင်းလဲမှုပါပဲ” ဟုလည်း ပြောကြားခဲ့ပါသည်။ “အပြောင်းအလဲတွေက နေ့ချင်း တော့ ဖြစ်လာမှာ မဟုတ်ပါဘူး။ တစ်နေ့နေ့တော့ ဖြစ်လာမှာပါ။ မျှော်လင့်ချက်တွေကို မပျောက်ပါ စေနဲ့။ ဆက်ကြိုးစားပါ။ စိတ်ရှည်ပါ” ဟုလည်း ၎င်းမှ အကြံပေးပြောကြားခဲ့ပါသည်။

Mr. Negishi ၏ အဆုံးသတ်မှတ်ချက်တွင် “အခုလာရောက်မြှုပ်နှံပါ။ မြန်မာ့စီးပွားရေး အကြီးအကျယ်တိုးတက်လာမယ့် အချိန်အတွက်လည်း ပြင်ဆင်ထားပါ” ဟု ရင်းနှီးမြှုပ်နှံသူများအား ပြောကြားခဲ့ပါသည်။

Invest Myanmar Summit 2019 အား ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန (MIFER) ၊ ပြည်ထောင်စုသမ္မတနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) ၊ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC) နှင့် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန (DICA) တို့မှ ပူးပေါင်းပြုလုပ်ခြင်း ဖြစ်ပါသည်။

Share on facebook
Share on twitter
Share on linkedin
Share on email
Share on print
ဆက်စပ်သောသတင်းများ

သင်ဟာရင်းနှီးမြုှပ်နှံသူတစ်ဦးလား

မြန်မာနိုင်ငံ၏ ရင်းနှီးမြုှပ်နှှုံမှုဆိုင်ရာ အခွင့်အလမ်းများအား လေ့လာရန် စိတ်ဝင်စားပါသလား? သင်သိရှိလိုသည်များကို ဖြေကြားပေးရန်အတွက်ဆက်သွယ်လိုက်ပါ။

Download the Invest Myanmar Summit 2019 app today to request appointments* and check out the latest Summit programme.

*Only available to registered Summit participants.