Private school education Myanmar

ပုဂ္ဂလိကပညာရေးလုပ်ငန်းလျင်မြန်စွာတိုးတက်ကောင်းမွန်လာခြင်း

ဝယ်လိုအားတိုးပွားလာခြင်းနှင့် ရင်းနှီးမြုပ်နှံမှုစည်းမျဉ်းဆိုင်ရာပြောင်းလဲမှုများက ပုဂ္ဂလိကပညာရေးလုပ်ငန်းအဖွဲ့အစည်း အရေအတွက်ကို တိုးပွားစေနိုင်သည်။

ကျယ်ပြန့်လာသည့် လူလတ်တန်းစားနှင့် ပြည်ပရောက်မိသားစုများ၏ ကြီးမားသည့် အသိုင်းဝိုင်းက မြန်မာနိုင်ငံတွင် အင်္ဂလိပ်ဘာသာ ပညာရေးလိုလားမှုကို မြင့်မားစေလျက်ရှိသည်။ ယင်းအခြေအနေက ပုဂ္ဂလိကကျောင်းများအတွက် သတင်းကောင်းဖြစ်သည်။ ပုဂ္ဂလိကကျောင်းများ၏ ဆွဲဆောင်မှုများတွင် အရည်အသွေးမြင့်မားသည့် ဆရာများ၊ ပိုမိုသေးငယ်သည့်စာသင်ခန်းများနှင့် သင်ကြားရေးတွင် ပိုမို ကျောင်းသားဗဟိုပြုသည့် နည်းလမ်းကို အသုံးပြုခြင်းတို့ ပါဝင်သည်။

ယခုချိန်အထိ ပုဂ္ဂလိကကျောင်းများမှာ ရင်းနှီးမြုပ်နှံမှုနှင့် ကုမ္ပဏီအုပ်ချုပ်ရေးညွှန်ကြားမှုဦးစီးဋ္ဌာနအောက်တွင် ကုမ္ပဏီများကဲ့သို့ မှတ်ပုံတင်နေရဆဲဖြစ်သည်။ ဆိုလိုသည်မှာ ယင်းကျောင်းများမှာ ပညာရေးအဖွဲ့အစည်းတစ်ခုထက် စီးပွားရေးလုပ်ငန်းတစ်ခုအဖြစ် ယူဆခံရသည်။ မြန်မာနိုင်ငံ၏ သင်ရိုးညွှန်တမ်းကိုသာ သင်ကြားသည့် ကျောင်းများကိုသာ ပညာရေးဝန်ကြီးဋ္ဌာနက လိုင်စင်ထုတ်ပေးနိုင်သည်။

ပုဂ္ဂလိကကျောင်းများသည် ၂၀၁၁ ပုဂ္ဂလိကကျောင်းမှတ်ပုံတင်အက်ဥပဒေအရ လုပ်ငန်းဆောင်ရွက်နေခြင်းဖြစ်သည်။ သို့သော်လည်း ပြည်ပရင်းနှီးမြုပ်နှံသူများအတွက် ပိုမိုရှင်းလင်းစေနိုင်သည့် ပုဂ္ဂလိကပညာရေးမှတ်ပုံတင်ဥပဒေဖြင့် အစားထိုးရန် စီစဉ်ထားသည်။

ပုဂ္ဂလိကပညာရေးမှတ်ပုံတင် ဥပဒေမူကြမ်းရေးဆွဲရေးလုပ်ငန်းကို လွန်ခဲ့သည့်သုံးနှစ်က စတင်ခဲ့ပြီး ယခုနှစ်တွင် အပြီးသတ်ရန် စီစဉ်ထားသည်။ ယခုနောက်ဆုံးပြဋ္ဌာန်းမှုက ပုဂ္ဂလိကကျောင်းများ ပိုမိုပေါ်ထွက်ရေးကို အားပေးမည်ဟု မျှော်လင့်ရပြီး မိဘများအတွက် ရွေးချယ်စရာများ ပိုမိုရရှိလာကာ ကျောင်းသားများကို ဆွဲဆောင်မည့် ပိုမိုကြီးမားသည့် ပြိုင်ဆိုင်မှုလည်းဖြစ်ပေါ်လာမည်ဖြစ်သည်။

ရင်းနှီးမြုပ်နှံမှုတိုးမြင့်မှုအလားအလာမှာ လွန်ခဲ့သည့်နှစ်နှစ်အတွင်း ထိပ်တန်းပုဂ္ဂလိကနိုင်ငံတကာကျောင်းနှစ်ကျောင်း ဖြစ်သည့် Dulwich College International နှင့် British School Yangon တို့၏ တိုးချဲ့မှုက ကောင်းမွန်ကြောင်း ပြသနေသည်။ စင်ကာပူနိုင်ငံစာရင်းဝင် Yoma Strategic ကကျောထောက်နောက်ခံပေးသည့် Dulwich College က ပန်းလှိုင်ရှိ ၄င်း၏ပရဝုမ်ထဲသို့ Star City ကို ပေါင်းထည့်လိုက်ပြီဖြစ်သည်။ ပရဝုမ်နှစ်ခုစလုံးတွင် ကျယ်ပြန့်သည့် ကွင်းများရှိပြီး ကျောင်းသား ၁,၄၀၀ အထိ ကျောင်းအပ်နိုင်သည်။

British School Yangon သည် ၂၅ မီတာရှိ ရေကူးကန်တစ်ခု၊ အားကစားခန်းမတစ်ခု၊ တွယ်တက်နံရံတစ်ခုနှင့် ထိုင်ခုံ ၅၀၀ ပါခန်းမကြီး တစ်ခုအပါအဝင် ခေတ်မီအဆောက်အဦ၊ ကိရိယာများပါဝင်သည့် ပရဝုမ်သစ်တစ်ခုကို ဆောက်လုပ်လျက်ရှိသည်။

ဝယ်လိုအား တဟုန်ထိုးမြင့်တက်

ISC Research ၏ သုတေသနအရ မြန်မာနိုင်ငံရှိ နိုင်ငံတကာကျောင်းများ၏ အရေအတွက်သည် ၂၀၁၂မှ ၂၀၁၇ ကြား ၂၅ မှ ၅၀ အထိ နှစ်ဆဖြစ်လာခဲ့ပြီး ကျောင်းအပ်ကျောင်းသားစုစုပေါင်း ၁၈,၃၇၃ ရှိခဲ့သည်။

ထို့အပြင် ပုဂ္ဂလိကကျောင်းပေါင်း ၄၃၈ ကျောင်းရှိပြီး ၂၀၁၅-၁၆နှစ်က ကျောင်းသားပေါင်း ၁၀၀,၀၀၀ကျော်ရှိခဲ့သည်ဟု အစိုးရ၏ အမျိုးသားပညာရေးကဏ္ဍစီမံချက် ၂၀၁၆-၂၁ တွင် ဖော်ပြထားသည်။

နိုင်ငံတော် သို့မဟုတ် နိုင်ငံတကာသင်ရိုးကို သင်ကြားသည့် ကိုယ်ပိုင်ကျောင်းများ ငါးနှစ်သက်တမ်းရှိ လိုင်စင်တစ်ခုကို လျှောက်ထားရမည်ဖြစ်ပြီး လိုင်စင်မှာ ကျောင်း၏ အဆောက်အအုံများ၊ သင်ကြားမှုအချိုးများ၊ သင်ရိုး၊ အန္တရာယ်ကင်းရှင်းမှုနှင့် လုံခြုံရေးတို့အား အကဲဖြတ်ချက်အပေါ် အခြေခံမည်ဖြစ်ကြောင်း ပုဂ္ဂလိကပညာရေးမှတ်ပုံတင်ဥပဒေကြမ်းက ဖော်ပြထားသည်။

အမျိုးသားပညာရေးကဏ္ဍစီမံချက်က မသင်မနေရမူလတန်းပညာရေးကို တိုးတက်အောင်ပြုလုပ်ခြင်း၊ မူလတန်းအဆင့်တွင် ကျောင်းထွက်နှုန်းမြင့်မားမှုကို ကိုင်တွယ်ခြင်းအပါအဝင် အဓိကစိန်ခေါ်မှုများကို အောင်မြင်အောင်ကိုင်တွယ်ရန် ကြိုပမ်းလျက်ရှိသည်။

၂၀၁၄ သန်းခေါင်စာရင်းအရ အသက်ငါးနှစ်နှင့် ၁၆နှစ်အတွင်း ကလေး ၂ဒသမရသန်းမှာ မူလတန်းကျောင်းကို မတက်သို့မဟုတ် မပြီးဆုံးကြောင်း သိရသည်။ တရားဝင်မဟုတ်သည့် မူလတန်းပညာရေးအစီစဉ်က ကျောင်းမနေနိုင်သည့် အသက် ၁၀နှစ်နှင့် ၁၄နှစ်အတွင်း ကလေးများအတွက် ကျောင်းစရိတ်အခမဲ့ပေးခြင်းဖြင့် ကွာဟချက်ကို ကျဉ်းသွားအောင် ကြိုးစားလျက်ရှိသည်။

ပေးထားသည့် ဘာသာရပ်များတွင် စိတ်ဝင်စားမှုမရှိခြင်းက ကျောင်းထွက်နှုန်းမြင့်မားရခြင်း၏ အကြောင်းရင်းတစ်ခု ဖြစ်သည်ဟု အာရှဖွံ့ဖြိုးရေးဘဏ်မှ မြန်မာနိုင်ငံရှိ လူမှုရေးကဏ္ဍအထူးကျွမ်းကျင်သူ ဒေါက်တာ ခရစ္စတိုဖာစပို့က ပြောကြားသည်။

ထို့အပြင် နိုင်ငံအချို့ဒေသများတွင် ဘာသာစကားအတားအဆီးများကလည်း ကျောင်းထွက်နှုန်းကိုမြင့်မားစေသည်။ ထို့အပြင် ဗမာမဟုတ်သူအများစုနေထိုင်ရာဒေသများတွင် မိခင်ဘာသာဖြင့် သင်ကြားခြင်းကို ထောက်ခံမှုမြင့်မားနေသည်။

နောက်ထပ်ငွေကြေးထောက်ပံ့မှု

ပညာရေးကဏ္ဍငွေကြေးမလုံလောက်မှုမှာ စစ်အစိုးရအုပ်ချုပ်စဉ်ကာလတစ်လျှောက် နာတာရှည်ရောဂါကဲ့သို့ ဖြစ်နေခဲ့ပြီး ၂၀၁၁ခုနှစ်မတိုင်မီနှစ်များက ဂျီဒီပီ၏ ရ ရာခိုင်နှုန်းအောက်သာ သုံးစွဲခဲ့ရသည်။ NLD အစိုးရလက်ထက်တွင် ပညာရေးအတွက် ဘတ်ဂျက်၏ ၈ဒသမ၅ ရာခိုင်နှုန်းအထိတိုးမြင့်သုံးစွဲသော်လည်း အရှေ့တောင်အာရှတွင် အနည်းဆုံးနိုင်ငံများတွင် ပါဝင်နေသေးသည်။

ပညာရေးအသုံးစရိတ်တိုးမြင့်လာသည့်အပြင် ပညာရေးကဏ္ဍတွင် နိုင်ငံခြားရင်းနှီးမြုပ်နှံမှု ပိုမိုဆွဲဆောင်ရန် NLD အစိုးရက ကြိုးပမ်းလျက်ရှိသည်။

ပုဂ္ဂလိကပညာရေးကဏ္ဍကိုမြင့်တင်သည့်အနေဖြင့် ပညာရေးဝန်ကြီးဋ္ဌာနက အတည်ပြုထားသည့် သင်ရိုး သို့မဟုတ် နိုင်ငံတကာသင်ရိုးတစ်ခုကို သင်ကြားနေသော ကိုယ်ပိုင်ကျောင်းများကို နိုင်ငံခြားသားများက အပြည့်အဝပိုင်ဆိုင်ခွင့်ရရှိကာ လုပ်ငန်းဆောင်ရွက်နိုင်ကြောင်း မြန်မာ့ရင်းနှီးမြုပ်နှံမှုကော်မရှင်က ဧပြီလက ကြေညာခဲ့သည်။

လုံလောက်မှုမရှိသည့်ငွေကြေးထောက်ပံ့မှု၊ မတည်ငြိမ်မှုကြောင့် တက္ကသိုလ်များကာလရှည် ပိတ်ထားရမှုအပြင် ကျောင်းသားများ မြို့နေအများပြည်သူများနှင့် ကင်းကွာစေရန် တက္ကသိုလ်များကို မြို့ပြင်တွင် ဆောက်လုပ်ခြင်းတို့ကြောင့် စစ်အစိုးရလက်ထက်တွင် အဆင့်မြင့်ပညာရေးမှာ ထိခိုက်ခဲ့သည်။

စစ်အုပ်ချုပ်ရေးအောက်တွင် ပညာရေးဝန်ကြီးဋ္ဌာနသည် အဆင့်မြင့်ပညာရေးဋ္ဌာန ၁၆၃ ခုအနက် ၆၆ ခုကိုသာ ထိန်းချုပ်ခွင့်ရပြီး ကျန်ဋ္ဌာနများကို ၆၁ ခုအားထိန်းချုပ်သော သိပ္ပံနှင့် နည်းပညာဝန်ကြီးဋ္ဌာန အပါအဝင် ဝန်ကြီးဋ္ဌာန ၁၂ခုက ထိန်းချုပ်ခဲ့သည်ဟု ဝန်ကြီးဋ္ဌာနအချက်အလက်များတွင် ဖော်ပြထားသည်။

ယခင်စစ်အစိုးရများနှင့် မတူညီသည်မှာ အဆင့်မြင့်ပညာရေးဋ္ဌာနများကို တစ်စိတ်တစ်ပိုင်းအားဖြင့် လုပ်ပိုင်ခွင့်ပိုမိုပေးခြင်းအားဖြင့် အဆင့်မြင့်ပညာရေးကဏ္ဍ တိုးတက်အောင် NLD အစိုးရက ကြိုးပမ်းလျက်ရှိသည်။ သို့သော်လည်း အဆင့်မမီသော ပံ့ပိုးမှုအဆောက်အအုံ၊ လိုအပ်သည့်ကိရိယာများမရှိခြင်းနှင့် ကျောင်းသားများနေထိုင်သည့် အိမ်ရာမလုံလောက်မှုအပါအဝင် ကျော်လွှားရမည့် အခက်အခဲများစွာ ရှိသေးသည်။

မြန်မာနို်င်ငံတွင် အဆင့်မြင့်ပညာရေး ညံ့ဖျင်းမှုကြောင့် အများအပြားမှာ ပြည်ပသို့သွားရောက် ပညာသင်ကြားခဲ့ရသည်။ ၂၀၁၁နှင့် ၂၀၁၆ခုနှစ်အတွင်း မြန်မာကျောင်းသား ရ,၂၀၀ ခန့် ပြည်ပထွက်ပညာသင်ကြားခဲ့ပြီး အများအပြားမှာ ထိုင်း၊ မလေးရှား၊ စင်ကာပူနှင့် ဂျပန်သို့ သွားရောက်ခဲ့သည်။

Trickle down effect

ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများနှင့် တိုင်းရင်းသားကွန်မြူနတီကောလိပ်များအတွက် ထောက်ပံ့ငွေကို အရင်းအမြစ်အမျိုးမျိုးမှ ရရှိနေသည်။ ကျေးလက်ဒေသများတွင် ပျံ့နှံ့လျက်ရှိသော ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများမှာ တစ်ဦးချင်းလှူဒါန်းမှုများအပေါ်တွင် များစွာမှီခိုနေရသည်။ သို့သော်လည်း တိုင်းရင်းသားကောလိပ်များကဲ့သို့ အခြားသောအရင်းအမြစ်များမှ ဘဏ္ဍာထောက်ပ့ံမှုရရှိသေးသည်။

ဗြိတိသျှနှင့် သြစတြေးလျအစိုးရတို့က ငွေကြေးထောက်ပံ့သည့် Myanmar Education Consortium သည် တိုင်းရင်းသားကျောင်းများနှင့် ဘုန်းတော်ကြီးသင်ကျောင်းများတွင် ဒေါ်လာ ၂၂ သန်းရင်းနှီးမြုပ်နှံထားသည်။

၂၀၁၀နှင့် ၂၀၁၅အတွင်း ပညာရေးဝန်ကြီးဋ္ဌာနသည် စာသင်ခန်းသစ် ၁၁,၇၇၆ ခန်းပါသော စာသင်ကျောင်းသစ် ရ၆၁၆ကို ဆောက်လုပ်ခဲ့သည်ဟု အမျိုးသားပညာရေးကဏ္ဍစီမံချက်တွင် ဖော်ပြထားသည်။ လိုအပ်ချက်ကို ဖြည့်ဆည်းရန် ကိုယ်ပိုင်ကျောင်းအရေအတွက် များပြားလာခြင်းက လစာကောင်းသော သင်ကြားရေးရာထူးများအတွက် ယှဉ်ပြိုင်မှုကို ဖြစ်ပေါ်စေသည်။

သို့သော်လည်း အထူးသဖြင့် အဆင့်မြင့်ပညာကို သင်ကြားပေးသည့် နိုင်ငံခြားပညာရေးအဖွဲ့အစည်းအရေအတွက်တွင် မျှော်လင့်ထားသည့် တိုးပွားမှုက စံနှုန်းနှင့် ပတ်သက်၍ စိုးရိမ်မှုများကို မြင့်မားစေသည်။ ပညာရေးအဖွဲ့အစည်းသစ်အားလုံးကို အနီးကပ်စောင့်ကြည့် စစ်ဆေးရန် ကြီးကြပ်ထိန်းသိမ်းရေးအဖွဲ့တစ်ခု လိုအပ်မည်ဟု ရန်ကုန်ရှိ ပုဂ္ဂလိကကောလိပ်တစ်ခု ဖြစ်သည့် Amara Institute ကိုတည်ထောင်သူ ဦးမင်းကောင်းက ပြောကြားခဲ့သည်။

Share on facebook
Share on twitter
Share on linkedin
Share on email
Share on print
ဆက်စပ်သောသတင်းများ

သင်ဟာရင်းနှီးမြုှပ်နှံသူတစ်ဦးလား

မြန်မာနိုင်ငံ၏ ရင်းနှီးမြုှပ်နှှုံမှုဆိုင်ရာ အခွင့်အလမ်းများအား လေ့လာရန် စိတ်ဝင်စားပါသလား? သင်သိရှိလိုသည်များကို ဖြေကြားပေးရန်အတွက်ဆက်သွယ်လိုက်ပါ။

Download the Invest Myanmar Summit 2019 app today to request appointments* and check out the latest Summit programme.

*Only available to registered Summit participants.