Investment Myanmar Foreign Investment

၂၀၁၉ မှ စတင်၍ မြန်မာနိုင်ငံတွင် ပိုမိုကောင်းမွန်သော ရင်းနှီးမြှုပ်နှံမှု ပတ်ဝန်းကျင်ကို တွေ့မြင်ရတော့မည် ဟု DICA ညွှန်ကြားရေးမှူးချုပ်ပြောကြား

ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီအုပ်ချုပ်ရေး ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးက ရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင်နိုင်ရန် မြန်မာနိုင်ငံက ဘာတွေလုပ်ဆောင်နေသလဲ၊ မြေပိုင်ဆိုင်ရယူမှုနှင့် ပတ်သက်ဆက်နွယ်နေသော စိန်ခေါ်မှုများနှင့် ၂၀၁၉ တွင် ပိုမို ကောင်းမွန်သော စီးပွားရေးပတ်ဝန်းကျင် သူဘာကြောင့် မျှော်လင့်ထားသည်ဆိုသည်တို့ကို ရှင်းပြခဲ့ပါသည်။

မေး။ ။ မြန်မာနိုင်ငံရဲ့ ဦးစားပေးကဏ္ဍတွေက ဘာတွေလဲ။ ဟိုအရင်က ဦးစားပေးတွေနဲ့ ဘာခြားနားမှုရှိလဲ။

ဖြေ။ ။ ၂၀၁၂ ခု အထိ ကျွန်တော်တို့မှာ သီးသီးသန့်သန့်ဦးစားပေးရယ်လို့ မရှိခဲ့ပါဘူး။ ဒါပေမဲ့ ၂၀၁၂ ကစပြီး ကျွန်တော်တို့နိုင်ငံ ဖွံ့ဖြိုးဖို့အတွက် အလိုအပ်ဆုံးဖြစ်တဲ့ လုပ်ငန်းနဲ့ ကဏ္ဍတွေအပေါ် မူတည်ပြီး ဦးစားပေးလုပ်ငန်းတွေ ချမှတ်ခဲ့ကြပါတယ်။ အဓိကကဏ္ဍ ၄ ခု ရှိပါတယ် – ကုန်ထုတ်လုပ်ငန်း၊ စိုက်ပျိုးရေး၊ အခြေခံအဆောက်အအုံနဲ့ ဝန်ဆောင်မှုလုပ်ငန်းတွေပါပဲ။

ကျွန်တော်တို့ရဲ့ ရင်းနှီးမြှုပ်နှံမှုအစီအစဉ်သည် ဤကဏ္ဍများသို့ ရင်းနှီးမြှုပ်နှံမှုပိုမိုဝင်လာအောင် ဆွဲဆောင်နိုင်ဖို့ ရည်ရွယ်ပါသည်။ ထို့ကြောင့်ပင် ၂၀၁၆ ရင်းနှီးမြှုပ်နှံမှုဥပဒေ ကို ပြန်လည်သုံးသပ်ကြသောအခါ လုပ်ငန်းအလိုက် အကျိုးခံရလဒ်များကို ထည့်သွင်းခဲ့ပါတယ်။ ကျွန်တော်တို့ရဲ့ အရောင်းမြှင့်တင်ရေးလှုပ်ရှားမှုတွေဟာလည်း အဆင်ချောခဲ့ပါတယ်။ ပိုမိုဆွဲဆောင်နိုင်ခဲ့ပါတယ်။ အထူးသဖြင့် လုပ်အားများစွာ လိုအပ်တဲ့ ကုန်ထုတ်လုပ်ငန်းတွေ၊ အခြေခံအဆောက်အအုံ၊ ပညာရေး၊ ကျန်းမာရေးစောင့်ရှောက်မှုနဲ့ ဆက်သွယ်ရေးလုပ်ငန်းတွေမှာ ရင်းနှီးမြှုပ်နှံမှုတွေ ဝင်လာခဲ့ကြပါတယ်။ စိုက်ပျိုးရေးကတော့ လမ်းကြောင်းပေါ် မရောက်သေးဘူး၊ စိုက်ပျိုးရေးဘက် ရင်းနှီးမြှုပ်နှံမှုတွေဝင်လာအောင် ကြိုးပမ်းနေရတုန်းပဲ။

မေး။ ။ နိုင်ငံတကာ tenders တွေ နှစ်ဦးနှစ်ဘက် သဘောတူစာချုပ်တွေလို တခြားအကျိုးခံရလဒ်များ တွေကို ရင်းနှီးမြှုပ်နှံသူတွေ မျှော်လင့်နိုင်မှာလား။

ဖြေ။ ။ ပထမအဆင့် မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်းရဲ့ အစိတ်အပိုင်းအနေနဲ့ ကျွန်တော်တို့မှာ စီမံကိန်းဘဏ်ဆိုတာရှိတယ်။ အစိုးရစီမံကိန်းတွေအားလုံး အထူးသဖြင့် အခြေခံအဆောက်အအုံ စီမံကိန်းတွေဟာ စီမံကိန်းဘက်ကနေပြီး tender အဆိုပြု အစီအစဉ်နဲ့ tender ချပေးမှာပါ။ စီမံကိန်းဘဏ်ကို စီမံ-ဘဏ္ဍာ ဝန်ကြီးဌာနက ဖွဲ့စည်းနေပါတယ်။ စီမံကိန်းတွေပါဝင်မှုနဲ့ ပတ်သက်ပြီး လောလောဆယ်မှာ သက်ဆိုင်ရာဝန်ကြီးဌာနတွေနဲ့ ဆွေးနွေးတိုင်ပင်နေပါတယ်။
ဒုတိယအဆင့်အနေဖြင့် ရင်းနှီးမြှုပ်နှံဖို့ အလားအလာရှိတဲ့ နိုင်ငံတွေနဲ့ ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေး သဘောတူချက်တွေကို ကျွန်တော်တို့ ညှိနှိုင်းနေကြပါတယ်။

တတိယအဆင့်အနေဖြင့် တရုတ်-မြန်မာ စီးပွားရေးစြင်္ကံလို နှစ်ဘက်အပြန်အလှန်စီမံကိန်းတွေကို ညှိနှိုင်းနေပါတယ်၊ ဒီစြင်္ကံတလျှောက် အခြေခံအဆောက်အအုံနဲ့ တခြားဆက်စပ်စီမံကိန်းတွေရှိပါမယ်။ ဒီစီမံကိန်းမှာ ရင်းနှီးမြှုပ်နှံမယ့်သူတွေကို တရုပ်နိုင်ငံနဲ့ မြန်မာနိုင်ငံမှသာမက မည်သိနိုင်ငံမဆို tender တွင် အဆိုပြုတင်နိုင်ကြပါမယ်။

မေး။ ။ ဥရောပသမဂ္ဂရဲ့ ကုန်သွယ်ရေးဦးစားပေးမှု ရုတ်သိမ်းသွားရင်တွေရနိုင်တဲ့ အန္တရာယ်တွေအတွက် ရင်းနှီးမြှုပ်နှံသူတွေ စိုးရိမ်နေကြပါတယ်၊ အဲ့ဒါအတွက် စိတ်ပူမိပါသလား။

ဖြေ။ ။ ရခိုင်အကြပ်အတည်းကိစ္စနဲ့ ပတ်သက်ပြီး European Union (EU) က ပေးထားတဲ့ Generalized System of Preferences (GSP) ပြန်လည်ရုတ်သိမ်းနိုင်တယ်ဆိုတဲ့ အချက်ပြမှုတွေ ကျွန်တော်တို့ လက်ခံရရှိခဲ့ပါတယ်။ သူတို့က လေ့လာရေးအဖွဲ့တစ်ဖွဲ့ မြန်မာပြည်ကို စေလွှတ်လိုက်လို့ အဲဒီအဖွဲ့ဟာ ပုဂ္ဂလိကကဏ္ဍ၊ အစိုးရဌာနတွေနဲ့ အခြားပါဝင်ပတ်သက်သူတွေနဲ့ တွေ့ဆုံသွားခဲ့ပါတယ်။

EU ဟာ GSP ပြန်ရုတ်လိမ့်မယ်လို့ ကျွန်တော်မထင်ပါဘူး။ အဲဒီလိုလုပ်ရင် မြန်မာနိုင်ငံကို ထိခိုက်စေနိုင်ရုံမျှမက ကျွန်တော်တို့ရဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းရေးလုပ်ငန်းစဉ်အတွက်ပါ အကယ့်အဟန့်အတားကြီး ဖြစ်သွားပါလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ နိုင်ငံမှာ ဒီမိုကရေစီ ရှင်သန်စေချင်ရင် poverty ကို ဖယ်ရှားပစ်ရပါမယ်။ ဒီမိုကရေစီက မြန်မာနိုင်ငံအတွက်တင် အရေးကြီးတာ မဟုတ်ပါဘူ။၊ EU အပါအဝင် ကမ္ဘာကြီးတစ်ခုလုံးရှိ နိုင်ငံတိုင်းအတွက် အရေးကြီးပါတယ်။ GSP ကိုသာ ပြန်ရုတ်လိုက်ရင် မြန်မာတစ်ဝှန်းက စက်ရုံအလုပ်ရုံတွေမှာ အလုပ်လုပ်နေကြတဲ့ လက်လုပ်လက်စားအလုပ်သမားတွေရဲ့ဘဝတွေ တကယ့်ကို အခက်အခဲနဲ့ ကြုံကြရပါလိမ့်မယ်။

မေး။ ။ ရင်းနှီးမြှုပ်နှံမှုတွေကို ရရှိအောင်ဆွဲဆောင်ရာတွင် အကြီးမားဆုံး စိန်ခေါ်မှုတွေက ဘာတွေဖြစ်နိုင်မလဲ။

ဖြေ။ ။ ကျွန်တော်တို့ ကိုင်တွယ်နေတဲ့ ပထမစိန်ခေါ်မှုကတော့ မြေရရှိရေးပါပဲ။ ဒီကိစ္စဟာ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမယ့်သူတွေအတွက် အကြီးဆုံးအခက်အခဲတွေထဲက တစ်ခုပါပဲ။ ကျွန်တော်တို့ မြေဥပဒေတွေက ခေတ်မမီတော့ဘူး။ ခေတ်နောက်ကျနေပြီ။ မြေရရှိဖို့အတွက် နည်းလမ်းတွေက ရှုတ်ထွေးလွန်းတယ်။ မြေစီမံခန့်ခွဲမှုမှာလည်း ဝန်ကြီးဌာနအမျိုးမျိုးပါဝင် ပတ်သက်နေတယ်၊ မြေတစ်ကွက်ကို အမျိုးအစားတစ်ခုမှ အခြားအမျိုးအစားတစ်ခုအဖြစ် ပြောင်းလဲဖို့လဲ ခက်ခဲတယ်။ ဒါတွေကြောင့် မြေရရှိရေးဟာ ပြည်တွင်းကရော ပြည်ပက ရင်းနှီးမြှုပ်နှံမယ့် လူတွေအတွက် အလွန်ရှုတ်ထွေးတဲ့ အခက်အခဲကြီးတစ်ခုဖြစ်နေတယ်။

အမျိုးသား မြေအသုံးချရေးမှုဝါဒကို သဘာဝသယံဇာတနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနက ကိုင်တွယ်ပြီး ဥပဒေတွေအားလုံးကို လွှမ်းခြုံစုစည်းနိုင်မယ့် အမျိုးသားမြေဥပဒေကို ရေးဆွဲနေပါတယ်။ အဲဒီနောက်မှ အစိုးရက မြေရရေး၊ ပိုင်ရှင်လွှဲပြောင်းရေးစတာတွေကို ရင်းနှီးမြှုပ်နှံမယ့်လူတွေ၊ လူ့အဖွဲ့အစည်းတွေအပါအဝင် မြန်မာနိုင်ငံသားအားလုံးအတွက် လွယ်လွယ်ကူကူလုပ်လို့ရအောင် ဘယ်လိုလုပ်ရမယ်ဆိုတာကို အစိုးရက စဉ်းစားသုံးသပ်ပါလိမ့်မယ်။
ဒုတိယစိန်ခေါ်မှုကတော့ အခြေခံအဆောက်အအုံ – အထူးသဖြင့်လျှပ်စစ်မီးပါ။ ယခု ကျွန်တော်တို့ဟာ မြန်မာနိုင်ငံတွင်းက စက်မှုလုပ်ငန်းတွေအတွက် လျှပ်စစ်လုံလုံလောက်လောက် မပေးနိုင်သေးပါဘူး။ ဒီအခက်အခဲနှစ်ခုဟာ အဓိကကိုင်တွယ်ဖြေရှင်းရမယ့် စိန်ခေါ်မှု နှစ်ခုလို့ ကျွန်တော်ထင်ပါတယ်။

မေး။ ။ နိုဝင်ဘာအတွင်းက ရင်းနှီးမြှုပ်နှံမှုနဲ့ နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနအသစ် ဖွဲ့စည်းခဲ့ခြင်း အကြောင်းနှင့် ပက်သက်၍အနည်းငယ်ရှင်းပြပေးပါ။

ဖြေ။ ။ ဒီဝန်ကြီးဌာနအသစ်ရဲ့ ရည်ရွယ်ချက်က ရင်းနှီးမြှုပ်နှံမှုကိစ္စမှာ လက်ရှိဝန်ကြီးဌာနတွေအကြား ပူးပေါင်းဆောင်ရွက်မှု တိုးတက်ကောင်းမွန်လာစေဖို့ပါပဲ။ မြန်မာ့ရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC) က ရင်းနှီးမြှုပ်နှံသူတစ်ယောက်ကို ခွင့်ပြုမိန့်ပါမစ် ထုတ်ပေးလိုက်ရင်တောင် အဲဒီရင်းနှီးမြှုပ်နံှသူအဖို့ အခြားဝန်ကြီးဌာနတွေဆီက သက်ဆိုင်ရာလိုအပ်တဲ့ ခွင့်ပြုမိန့်တွေ၊ လိုင်စင်တွေရဖို့ အတော်ခက်ခဲနေနိုင်ပါသေးတယ်၊ MIC ခွင့်ပြုမိန့်ရထားတဲ့ စီမံကိန်းတွေကို လွယ်လွယ်ကူကူစတင်လုပ်ဆောင်နိုင်အောင် ရင်းနှီးမြှုပ်နှံသူတွေကို အကူအညီပေးဖို့အတွက် ပူးပေါင်းဆောင်ရွက်မှု၊ ညှိနှိုင်းမှုတွေကို ကျွန်တော်တို့ ဝန်ကြီးဌာနသစ်က လုပ်ဆောင်နိုင်မယ်လို့ ယူဆပါတယ်။

ဒါဟာ ဝန်ကြီးဌာနသစ်က ဖွဲ့စည်းရခြင်းရဲ့ အကြောင်းရင်းတွေထဲက တစ်ခုပါ။ ရင်းနှီးမြှုပ်နှံသူတွေနဲ့ သူတို့လုပ်ငန်းတွေ လွယ်ကူချောမောအောင်လုပ်ရာမှာ ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းတွေ ရိုးရှင်းလွယ်ကူလာစေရန် အခြားဝန်ကြီးဌာနတွေနဲ့ ညှိနှိုင်းရေးကို ဝန်ကြီးဌာနသစ်က လုပ်ပါမယ်။ ဒီလိုလုပ်ဖို့အတွက် စံလုပ်ထုံးလုပ်နည်းတွေ ချမှတ်ထားရှိပါမယ်။

ဝန်ကြီးဌာနရဲ့ နောက်အလုပ်တစ်ခုကတော့ ဖွံ့ဖြိုးရေးမိတ်ဖက်တွေနဲ့ ညှိနှိုင်းပေးဖို့ နှစ်ဖက်ညှိနှိုင်းမှုတွေကို ဦးဆောင်ဦးရွက်ပြုပေးဖို့ပါပဲ။ နောက်ပြီး အာဆီယံနိုင်ငံတွေနဲ့ ပတ်သက်တဲ့ ပြဿနာတွေကိုလဲ ကိုင်တွယ်ပါမယ်။

မေး။ ။ အနာဂတ် ရင်းနှီးမြှုပ်နှံမှုအခင်းအကျင်း ဖြစ်ပေါ်တိုးတက်မှုကို ဘယ်လိုရှုမြင်ပါသလဲ။

ဖြေ။ ။ မြန်မာ့ ရင်းနှီးမြှုပ်နှံမှု ဥပဒေကလည်း အပြည့်အဝနေသားတကျရှိနေပြီ၊ မြန်မာကုမ္ပဏီများဥပဒေလည်း ပြဋ္ဌာန်းပြီးပြီဆိုတော့ မြန်မာနိုင်ငံမှာ စီးပွားရေးလုပ်ဖို့ ပိုမိုကောင်းမွန်တဲ့ဥပဒေ စည်းမျဉ်းမူဘောင်တွေကို အတိုင်းအတာတစ်ခုအထိ ဖန်တီးပြီးပြီဖြစ်လို့ ၂၀၁၉ ခုနှစ်မှာတော့ နိုင်ငံခြားတိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုတွေ ဝင်လာဖို့အတွက် ပိုမိုကောင်းမွန်တဲ့ ရင်းနှီးမြှုပ်နှံမှုပတ်ဝန်းကျင်ရှိနေပြီလို့ ယူဆပါတယ်။

၂၀၁၉ ဇန်နဝါရီ ၁ ရက်မှာ မြန်မာဟာ အာဆီယံစီးပွားရေးအသိုက်အဝန်းထဲကို အပြည့်အဝပါဝင်ရတော့မှာ ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့နိုင်ငံဟာ ဒေသတွင်း ထောက်ပံ့ရေးကွင်းဆက်နဲ့ တန်ဖိုးကွင်းဆက်တွေထဲကို ပေါင်းစည်းရောက်ရှိတော့မှာပါ။ ဒါဟာ ကျွန်တော်တို့အတွက်ကောင်းပါတယ်။ ဒါ့ကြောင့် ကျွန်တော်တစ်ဦးတည်းအမြင် ပြောရရင် ၂၀၁၉ မှာ နိုင်ငံထဲကို ရင်းနှီးမြှုပ်နှံမှုတွေ ပိုမိုဝင်လာပြီး ပိုမိုကောင်းမွန်တဲ့ ရင်းနှီးမြှုပ်နှံမှုပတ်ဝန်းကျင် ဖြစ်လာမယ်လို့ ထင်မြင်မိပါတယ်။

Photo Credit: Thuya Zaw | Frontier

Share on facebook
Share on twitter
Share on linkedin
Share on email
Share on print
ဆက်စပ်သောသတင်းများ

သင်ဟာရင်းနှီးမြုှပ်နှံသူတစ်ဦးလား

မြန်မာနိုင်ငံ၏ ရင်းနှီးမြုှပ်နှှုံမှုဆိုင်ရာ အခွင့်အလမ်းများအား လေ့လာရန် စိတ်ဝင်စားပါသလား? သင်သိရှိလိုသည်များကို ဖြေကြားပေးရန်အတွက်ဆက်သွယ်လိုက်ပါ။

Download the Invest Myanmar Summit 2019 app today to request appointments* and check out the latest Summit programme.

*Only available to registered Summit participants.