Myanmar economy reforms

အဓိကစီးပွားရေးပြုပြင်ပြောင်းလဲမှု အချိန်ဇယား

National League for Democracy အစိုးရသည် ရုံးစထိုင်သည့် ၂၀၁၆ ဧပြီလမှစ၍ ရင်းနှီးမြှုပ်နှံသူများအတွက် မြန်မာနိုင်ငံတွင် စီးပွားရေးလုပ်ကိုင်ရ လွယ်ကူစေရန်ရည်သန်လျက် အရေးကြီးသော ပြုပြင်ပြောင်းလဲမှုများကို အတော်များများလုပ်ကိုင်လာခဲ့ပါသည်။ ၎င်းတို့ကို အချိန်ဇယားအလိုက် အတိုအကျဉ်းမျှ ဖော်ပြလိုက်ပါသည်။

၂၀၁၆

ဝန်ကြီးဌာနအရေအတွက်ကို ၃၆ မှ ၂၁ အထိ လျော့ချလိုက်ရာ ဝန်ကြီးအရေအတွက်မှာ ၇၅ ရာခိုင်နှုန်းလျော့ကျသွားသည်။ ဘတ်ဂျက်လိုငွေလျှော့ချရန်အတွက် အစိုးရအသုံးစရိတ်ကို လျှော့ချခြင်းဖြစ်သည်။ ရင်းနှီးမြှုပ်နှံမှုများ အတည်ပြုလက်ခံရေး လုပ်ငန်းစဉ်ကို ဗဟိုမှ ချုပ်ကိုင်မှုလျော့ချပြီး ပြည်နယ်နှင့် တိုင်းဒေသကြီး အစိုးရများအား ပိုမိုလုပ်ကိုင်ခွင့် အာဏာပေးရန် အစိုးရက စိတ်ပိုင်းဖြတ်ထားသည်။

မိုဘိုင်းကွန်ယက်လုပ်ငန်းလုပ်ကိုင်သူများနှင့် ဘဏ်မဟုတ်သော ငွေကြေးအဖွဲ့အစည်းများကို ငွေကြေးဝန်ဆောင်မှု လုပ်ငန်းလုပ်ကိုင်နိုင်ရန် ကာလကြာစွာ စောင့်စားနေခဲ့ရသော စည်းမျဉ်းဥပဒေများကို မြန်မာနိုင်ငံဗဟိုဘဏ်က ထုတ်ပြန်ပေးခဲ့သည်။

ပြည်တွင်းဆောက်လုပ်ရေးလုပ်ငန်းများအတွက် အရည်အသွေးမြင့်မားသော ပစ္စည်းများထောက်ပံ့ပေးနိုင်ရန်ရည်ရွယ်၍ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက နိုင်ငံတကာဖက်စပ်ကုမ္ပဏီများအား ဆောက်လုပ်ရေးပစ္စည်းဈေးကွက်ကို ဖွင့်ပေးခဲ့သည်။

အမေရိကန်ပြည်ထောင်စုက မြန်မာနိုင်ငံအပေါ်ချမှတ်ထားသော စီးပွားရေးဒဏ်ခတ်ပိတ်ဆို့မှုကို ဖွင့်ပေးမည်ဟု ကြေညာခဲ့သည်။ အမေရိကန်နိုင်ငံသို့ တင်သွင်းသော သွင်းကုန်အပေါ်ချမှတ်သည့် အခွန်စည်းကြပ်မှုကို လျှော့ပေါ့ပေးသည့် Generalized System of Preferences (GSP) ကို မြန်မာနိုင်ငံအား ပြန်လည်ပေးအပ်ခဲ့သည်။

“မြန်မာနိုင်ငံသားများ ရင်းနှီးမြှုပ်နှံမှု ဥပဒေနှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေ” ကို အစားထိုးလိုက်သော “မြန်မာ့ရင်းနှီးမြှုပ်နှံမှု ဥပဒေ” ကို ပြဋ္ဌာန်းလိုက်သည်။ ဥပဒေသစ်သည် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းစဉ်များကို ပိုမိုလွယ်ကူရှင်းလင်းသွားစေသည်။ ပိုမိုသေးငယ်ပြီး မဟာဗျူဟာမကျသော ရင်းနှီးမြှုပ်နှံမှုများအတွက် မြန်မာ့ရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC) ၏ ထောက်ခံမှုလိုအပ်နေခြင်းကို ဖယ်ရှားပစ်လိုက်သည်။ မြန်မာ့ရင်းနှီးမြှုပ်နှံမှု မူဘောင်ကို နိုင်ငံတကာစံသတ်မှတ်ချက်များနှင့် အညီဖြစ်စေသည်။

၂၀၁၇

မြန်မာပိုင် ကုမ္ပဏီတစ်ခု၏ ရှယ်ယာများကို နိုင်ငံခြားသားတစ်ဦးထံ တရားဝင်တစ်ခုခုနှင့် ပူးပေါင်းမှု မပြုဘဲ လွှဲပြောင်းပေးခြင်းကို DICA က ပထမဆုံး အကောင်အထည်ဖော်လုပ်ဆောင်ခဲ့ရာ နိုင်ငံခြားသားများအဖို့ ပြည်တွင်း ကုမ္ပဏီများတွင် ရှယ်ယာရရှိပိုင်ဆိုင်နိုင်ရေးလမ်း ပွင့်သွားသည်။ မြန်မာနိုင်ငံတွင် စီးပွားရေးလုပ်ကိုင်ရာတွင် ကုန်ကျစရိတ်လေ့လာရေးစစ်တမ်း တစ်စောင် ပုံနှိပ်ထုတ်ဝေခဲ့သည်။

တိုင်းဒေသကြီးနှင့် ပြည်နယ်များအား ဒေါ်လာ (၅) သန်း၊ မြန်မာကျပ် ၆ ဘီလီယံအထိ ရင်းနှီးမြှုပ်နှံမှုကို ခွင့်ပြုနိုင်ရန် မြန်မာ့ရင်းနှီးမြှုပ်နှံမှုကော်မရှင်က ခွင့်ပြုထားသည်။

အာမခံလုပ်ငန်း ထိန်းကျောင်းရေးဘုတ်အဖွဲ့ (Insurance Business Regulatory Board) က နိုင်ငံခြားအာမခံပကုမ္ပဏီများအား အထူးစီးပွားရေးဇုန်၌ လုပ်ကိုင်ခွင့်ပြုထားသည်။ အာမခံလုပ်ငန်းဈေးကွက်ကို ပိုမိုလွတ်လပ်ခွင့်ပေးရန်နှင့် နိုင်ငံခြားအာမခံကုမ္ပဏီများအား မြန်မာနိုင်ငံ၌ အာမခံမူဝါဒများ ရာင်းချခွင့်ပေးရန် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနက အစီအစဉ်ရေးဆွဲလျက်ရှိသည်။

အားလုံးပါဝင်နိုင်မည့် ဘဏ္ဍာရေးစနစ် ဖြစ်ထွန်းပေါ်ပေါက်ရေးနှင့် အရင်းအနှီးအခွင့်အလမ်းတိုးတက်ကောင်းမွန်ရေးတို့ အတွက် ပထမခြေလှမ်းဖြစ်သော credit rating agency များ ထူထောင်ရန် ဥပဒေစည်းမျဉ်းများကို ဗဟိုဘဏ်က ပြဋ္ဌာန်းခဲ့သည်။

ရေနံလက်လီလက်ကားရောင်းဝယ်ရေးလုပ်ငန်းတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကို လမ်းဖွင့်ပေးလိုက်သည့်အနေဖြင့် သီလဝါအထူးစီးပွားရေးဇုန်တွင် လောင်စာဆီ သိုလှောင်ရေးရုံတစ်ခုကို Puma Energy Asia Sun ဖက်စပ်ကုမ္ပဏီက ဖွင့်လှစ်လိုက်သည်။

ဓာတ်မြေသြဇာ၊ မျိုးစေ့၊ ပိုးသတ်ဆေးနှင့် ဆေးရုံသုံးပစ္စည်းများ တင်သွင်းရောင်းချရန် နိုင်ငံခြားကုမ္ပဏီများကို စီးပွား/ကူးသန်းဝန်ကြီးဌာနက ခွင့်ပြုခဲ့သည်။

နိုင်ငံခြားရင်းနှီးမြှုပ်နှံရန် ပြည်တွင်းမိတ်ဖက်ကုမ္ပဏီတစ်ခုအတွက် လိုအပ်ချက် ၉၂ ခု သတ်မှတ်ခဲ့ရာမှ ၂၂ ခု အထိ လျော့ချပစ်လိုက်ရန် MIC က ဆုံးဖြတ်လိုက်သည်။ ပြည်ပမှ လက်လီရောင်းချလိုက်သူများ၊ ရေနံထွက်ပစ္စည်းထောက်ပံ့ပေးသွင်းသူများ၊ ပုဂ္ဂလိကဆေးခန်းများ၊ အိုးအိမ်တည်ဆောက်သူများ၊ မီဒီယာနှင့် ကုန်ထုတ်လုပ်သူများအားလုံး အကျိုးခံစားကြရသည်။

ဗဟိုဘဏ်သည် ဘဏ္ဍာရေးစည်းမျဉ်းများအောက်တွင် ခေတ်မီသတိထားရေးစည်းမျဉ်းဥပဒေများကို ထုတ်ပြန်ခဲ့သည်။ ဘဏ်များအနေနှင့် မရွှေ့ပြောင်းနိုင်သော ပစ္စည်းများကို အပေါင်ထား၍ ကာလတိုချေးငှားခြင်းမှ ငွေကြေးစီးဆင်းမှုနှင့် စီးပွားရေးလုပ်ငန်းအစီအစဉ်ပေါ်အခြေခံ၍ ကာလလတ်ဈေးနှုန်းပေးနိုင်ရန် ရည်ရွယ်လုပ်ဆောင်ခြင်းဖြစ်သည်။

လွှတ်တော်က ရေနံနှင့် ရေနံထွက်ပစ္စည်းဆိုင်ရာ ဥပဒေသစ်ကို ပြဋ္ဌာန်းလိုက်သည်။ ကုမ္ပဏီများ စည်းကမ်းလိုက်နာစေရန်၊ ပတ်ဝန်းကျင်ကို ကာကွယ်ရန်၊ ပြိုင်ဆိုင်မှုကို မြှင့်တင်ရန်၊ စွမ်းအင်လုံခြုံမှုရှိစေရန်၊ သင့်တင့်လျောက်ပတ်သော အခွန်ဘဏ္ဍာရရှိစေရန် ရည်ရွယ်ပြဋ္ဌာန်းခြင်းဖြစ်သည်။

မြန်မာ့ရင်းနှီးမြှုပ်နှံမှုကော်မရှင် MIC သည် ရင်းနှီးမြှုပ်နှံမှုအတွက် ဦးစားပေးကဏ္ဍ (၁၀)ခု ကို သတ်မှတ်ပေးထားသည်။ ၎င်းတို့မှာ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ငါးလုပ်ငန်း၊ ပို့ကုန်မြှင့်တင်ရေး၊ သွင်းကုန်အစားထိုးရေး၊ စွမ်းအင်၊ သယ်ပို့လုပ်ငန်း၊ ပညာရေး၊ ကျန်းမာရေးစောင့်ရှောက်မှု၊ တန်ဖိုးနည်းအိမ်ယာနှင့် စက်မှုနယ်မြေတို့ဖြစ်သည်။

အနှစ်တစ်ရာလောက်အိုဟောင်းနေသော မြန်မာ့ကုမ္ပဏီများအက်ဥပဒေ (Myanmar Companies Act) ကို အစားထိုးလိုက်သည့် မြန်မာ့ကုမ္ပဏီများဥပဒေ ကို လွှတ်တော်က အတည်ပြုခဲ့သည်။ အသေးစားနှင့် အလတ်စားကုမ္ပဏီလေးများအပေါ်ပိနေသော ဝန်များကို ဖယ်ရှားပေးခြင်း၊ ကုမ္ပဏီအုပ်ချုပ်မှုနှင့် ပွင့်လင်းမြင်သာရှိမှု တိုးတက်ကောင်းမွန်လာသည်။ ကုမ္ပဏီထောင်ဖို့ ပိုမိုလွယ်ကူလာသည်။ သက်ဆိုင်ရာငွေပေးချေမှုနှင့် အနည်းစု ရှယ်ယာပိုင်ရှင်များ၏ ရပိုင်ခွင့်များအတွက် ရှင်းလင်းပြတ်သားသော ဥပဒေများပါဝင်သည်။

ဥပဒေသစ်အရ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများအနေနှင့် ပြည်တွင်းကုမ္ပဏီများတွင် ၃၅ ရာခိုင်နှုန်းအထိ ပိုင်ဆိုင်နိုင်ပြီဖြစ်ရာ မြန်မာကုမ္ပဏီများအဖို့ ပြည်ပရင်းနှီးမြှုပ်နှံမှုကို ဆွဲဆောင်ရန်ပိုမိုလွယ်ကူလာသည်။ ယခင်ဥပဒေဟောင်းအရ ကုမ္ပဏီများ သည် နိုင်ငံခြားမှ ရှယ်ယာတစ်ခုတည်းပါလျင်ပင် နိုင်ငံခြားကုမ္ပဏီအဖြစ် သတ်မှတ်ခံရပြီး မြေပိုင်ဆိုင်ခွင့်မရှိခြင်းအပါအဝင် ကန့်သတ်မှုအမျိုးမျိုးဖြင့် ကန့်သတ်ခံရသည်။

‘ပြည်ထောင်စုအစိုးရဝန်ကြီးဌာန’ နှင့် နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာနဟု ဝန်ကြီးဌာနစသစ် နှစ်ခုကို ဖွဲ့စည်းတည်ထောင်လိုက်သဖြင့် စီမံအုပ်ချုပ်ရေးဝန်ထုပ်ဝန်ပိုးများလျော့ပါး သက်သာသွားသည်။

ဆောက်လုပ်ရေးဝန်ကြီးဌာနက ကွန်ဒိုမီနီယံဥပဒေကို ထုတ်ပြန်လိုက်သဖြင့် နိုင်ငံခြားအဖွဲ့အစည်း၊ ကုမ္ပဏီများ ကွန်ဒိုမီနီယံ ဆောက်လုပ်ရေးတွင် တရားဝင်ရင်းနှီးမြှုပ်နှံခွင့်ရလာသည်။

နိုင်ငံခြားဘဏ်ခွဲများကို ပြည်ပပို့ကုန်တင်ပို့ခြင်းနှင့် ဆက်စပ်ဝန်ဆောင်မှုလုပ်ငန်းများတွင် ပြည်တွင်းမှ နိုင်ငံခြားသို့ ကုန်ပစ္စည်းတင်ပို့သူများအား ဝန်ဆောင်မှုပေးခြင်းကို ဗဟိုဘဏ်မှ ခွင့်ပြုလိုက်သဖြင့် ဈေးကွက်တွင် လစ်ဟာနေမှုတစ်ခုကို ဖြည့်ပေးလိုက်ရာ ပြည်ပကုန်သွယ်ရေး ပိုမိုလွယ်ကူသွားသည်။

၂၀၁၈

လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနသည် အဓိက လျှပ်စစ်စီမံကိန်းလေးခုကို ရှေ့တိုးဆက်လက်လုပ်ကိုင်ခွင့်ပြုလိုက်သည်။ ထိုစီမံကိန်းလေးခု၏ စုစုပေါင်းထုတ်လုပ်မှုသည် လက်ရှိမြန်မာ့လျှပ်စစ်ထုတ်လုပ်မှုကို နှစ်ဆတိုးစေမည်ဖြစ်သည်။

ပညာရေး ကဏ္ဍတွင် ပထမဆုံးအပြောင်းအလဲအဖြစ် ပုဂ္ဂလိကပညာရေးကဏ္ဍတွင် ပြည်တွင်းနှင့် ပြည်ပရင်းနှီးမြှုပ်နှံမှုကို ဖွင့်ပေးလိုက်သည်။ ပုဂ္ဂလိကကျောင်းဥပဒေတွင် အစိုးရက ကျောင်းဆရာများအား လိုင်စင်ထုတ်ပေးခြင်းနှင့် နိုင်ငံတကာမှ စာသင်ကျောင်းသင်ရိုးညွှန်းတမ်းများကို စစ်ဆေးခြင်းတို့ပါဝင်သည်။

ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက နိုင်ငံခြားပိုင်ကုမ္ပဏီများနှင့် ပြည်တွင်း-ပြည်ပဖက်စပ်ကုမ္ပဏီများကို လက်လီ၊ လက်ကားကုန်သွယ်ရောင်းဝယ်ခွင့်ပြုလိုက်သည်။ ဆယ်စုနှစ်ပေါင်းများစွာ တင်းကြပ်စွာကန့်သတ်ထားသော ကဏ္ဍတွင် အခွင့်အလမ်းသစ်များကို ဖန်တီးပေးလိုက်ခြင်းဖြစ်သည်။

ဗဟိုဘဏ်သည် Myanmar Credit Bureau Limited ကို တရားဝင်လိုင်စင်ချပေးလိုက်ရာ မြန်မာနိုင်ငံ၏ ပထမဆုံး credit agency ဖြစ်လာသည်။ ဘဏ်များကို ငွေထုတ်ချေးရေး အဆုံးအဖြတ်များပြုလုပ်ရာတွင် အေဂျင်စီက အကူအညီပေးနိုင်တော့ မည်ဖြစ်ရာ ဘဏ်လုပ်ငန်းပိုမိုလွယ်ကူလာမည်။

စီမံဘဏ္ဍာဝန်ကြီးဌာနက ပုဂ္ဂလိကကဏ္ဍ ငွေပေးချေမှုများအတွက် withholding tax နှစ်ရာခိုင်နှုန်းသတ်မှတ်ချက်ကို ဖျက်သိမ်းလိုက်သည်။ နိုင်ငံခြားပေးကမ်းငွေများ နိုင်ငံရပ်ခြားဖွံ့ဖြိုးရေးအကူအညီချေးငွေများဖြင့် ဆောင်ရွက်သော စီမံကိန်းများအတွက် အခွန်ကင်းလွတ်ခွင့် အသေးစိတ်အချက်အလက်များကို ထုတ်ပြန်ခဲ့သည်။

နိုင်ငံခြားဘဏ်ခွဲများကို ပြည်တွင်းကုမ္ပဏီများအား ငွေကြေးထောက်ပံ့ပေးခြင်းနှင့် ဆက်စပ်ဝန်ဆောင်မှုလုပ်ငန်းများ လုပ်ဆောင်ရန် ဗဟိုဘဏ်က ခွင့်ပြုလိုက်သည်။ ထိုခွင့်ပြုမိန့်သည် ၂၀၁၅ ခုနှစ်ကတည်းက လိုင်စင်ချပေးထားသော နိုင်ငံခြားဘဏ်များနှင့်သာ သက်ဆိုင်သည်။ ယခင်က နိုင်ငံခြားပိုင်ကုမ္ပဏီများနှင့် နိုင်ငံခြားနှင့် ဖက်စပ်ကုမ္ပဏီများကိုသာ ငွေကြေးချေးငှားခွင့်ပြုခဲ့သည်။

ရင်းနှီးမြှုပ်နှံမှုနှင့် ပြည်ပစီးပွားဆက်သွယ်မှုဝန်ကြီးဌာနအသစ်ကို တည်ထောင်ဖွဲ့စည်းလိုက်သည်။ ထိုဌာနကို MIC ဥက္ကဌ ဦးသောင်းထွန်းက ဦးဆောင်ပြီး DICA လုပ်ငန်းများနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဌာနကို ကြီးကြပ်မည်ဖြစ်သည်။

Share on facebook
Share on twitter
Share on linkedin
Share on email
Share on print
ဆက်စပ်သောသတင်းများ

သင်ဟာရင်းနှီးမြုှပ်နှံသူတစ်ဦးလား

မြန်မာနိုင်ငံ၏ ရင်းနှီးမြုှပ်နှှုံမှုဆိုင်ရာ အခွင့်အလမ်းများအား လေ့လာရန် စိတ်ဝင်စားပါသလား? သင်သိရှိလိုသည်များကို ဖြေကြားပေးရန်အတွက်ဆက်သွယ်လိုက်ပါ။

Download the Invest Myanmar Summit 2019 app today to request appointments* and check out the latest Summit programme.

*Only available to registered Summit participants.