Real Estate Property Market Myanmar

နိုင်ငံတကာအိမ်ခြံမြေ ကုမ္ပဏီ Colliers International နှင့် တွေ့ဆုံမေးမြန်းခြင်း

၂၀၁၈ အိမ်ခြံမြေ ဈေးကွက်ကို သုံးသပ်ခြင်းနှင့် လာမည့်နှစ်မှာ ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများနှင့် တွေ့ကြုံရနိုင်တဲ့ စိတ်ခေါ်မှုတွေကို Colliers International မှ Karlo Pobre နှင့် တွေ့ဆုံမေးမြန်းခဲ့ပါသည်။

မေး။   ။၂၀၁၈ မှာ မြန်မာနိုင်ငံရဲ့ အိမ်ခြံမြေ ဈေးကွက် ဘယ်လိုရှိခဲ့လဲ။

ဖြေ။ ။ ရုံးအဆောက်အဦသစ်များကို ပိုမိုသက်သာသောဈေးနှုန်းဖြင့် ငှားရမ်းနေကြရာ အဆင့်နိမ့်ရုံးခန်းဟောင်းများမှာ အကြပ်တွေ့နေကြသည်။ ဝန်ဆောင်မှုပါ လူနေတိုက်ခန်းဈေးကွက်လည်း ထိုနည်းအတိုင်းပင်ဖြစ်နေသည်။ ပြောင်းလဲလာ နေသော အရောင်းအဝယ် ရာသီဥတုကြောင့် ငှားရမ်းသူများမှာ ပိုမိုသက်သာသော အလယ်အလတ်တန်း ဈေးကွက်ကိုသာ ဦးလှည့်လာနေကြသည်။ ဝန်ဆောင်မှုပါ တိုက်ခန်းဈေးကွက်တွင်လည်း သိပ်မကျယ်လှသော စံမှီ၊ ခေတ်မှီ တိုက်ခန်းများ ကိုသာ ဝယ်လိုအားများလာနေသည်။

ခရီးသွားလုပ်ငန်းနှင့် လက်လီကုန်သွယ်မှုနှင့် ပတ်သက်၍ မကြာမီက မူဝါဒ ပြုပြင်ပြောင်းလဲမှုများကြောင့် လက်လီအရောင်း အဝယ်နှင့် ဟိုတယ်လုပ်ငန်းတွင် နောက်ထပ်ဖွင့်ဖြိုးမှုရှိလာမည်ဟု ရှုမြင်ရသည်။ စီးပွား-ကူးသန်းဝန်ကြီးဌာနမှ မြန်မာနိုင်ငံခြားကုန်သွယ်မှုအတွက် ပြုလုပ်ခဲ့သော ပြုပြင်ပြောင်းလဲမှုများကြောင့် အာရှဒေသတလွှားမှ အဓိကလက်လီကုမ္ပဏီများ၏ စိတ်ဝင်စားမှုကို ပြသခဲ့ကြသည်။ ဂျပန်နှင့် တောင်ကိုရီးယားတို့ ကဲ့သို့သော မြန်မာ၏ အဓိက ကုန်သွယ်ဖက်နိုင်ငံအချို့ကို ဗီဇာလိုအပ်ချက်များစွာ လျှော့ပေါ့ပေးခဲ့သဖြင့်လည်း ရန်ကုန်သို့ စီးပွားရေးလုပ်ငန်းဖြင့်လာမည့် ဧည့်ခရီးသွားလုပ်ငန်း တိုးပွားလာမည်ဟု မျှော်လင့်ရသည်။

ကွန်ဒိုမီနီယံ ကဏ္ဍတွင် ဈေးကွက်အတွင်းတိုးတက်မှုရှိလာမည်ဟု မျှော်လင့်ရသည်။ အထပ်နိမ့်နှင့် အလယ်အလတ်အထပ်ရှိ အဆောက်အအုံများ ဆောက်လုပ်လာခြင်းကြောင့် သင့်တင့်သောဈေးနှုန်းဖြင့် ရောင်းချလာနိုင်မည်ဖြစ်ရာ ရောင်းလိုအား ပိုကောင်းလာမည်ဟု မျှော်လင့်ရသည်။ ဆောက်လုပ်ဆဲစီမံကိန်းများကို ပိုမိုအရောင်းရသွက်စေရန် (ဥပမာ- အငှားတိုက်ခန်းများအဖြစ်) ပြောင်းလဲ၍ အဆင့်သတ်မှတ်ကြရန် ဆောက်လုပ်ရေးလုပ်ငန်းရှင်များကို တိုက်တွန်းလိုပါသည်။

မေး။   ။ ဈေးကွက်အတွင်း အဓိက စိန်ခေါ်မှုတွေက ဘာတွေလဲ။

ဖြေ။ ။ ကဏ္ဍအားလုံးရဲ့ အနိမ့်စား အလတ်စားဈေးကွက်တွေမှာ ဝယ်လိုအားကို မဖြည့်စွက်နိုင်သေးပါဘူး၊ လူနေတိုက်ခန်းဖြစ်စေ၊ ဈေးဆိုင်တွေမှာ ဖြစ်စေ၊ ဝယ်ယူနိုင်စွမ်းနဲ့ သင့်တင့်တဲ့ ဈေးနှုန်းနဲ့ ရောင်းချနိုင်မှုတွေက စိတ်ပူစရာဖြစ်နေဆဲပါပဲ။ အထူးသဖြင့် လက်ရှိဆောက်လုပ်မှု အရည်အသွေးနဲ့ပေါ့။ ကုမ္ပဏီအတော်များများရဲ့ ဝင်ငွေတွေဟာ သင့်တင့်ရုံသာ ရှိနေပါသေးတယ်။ ဒါကြောင့် အချို့ကုမ္ပဏီတွေအဖို့ အငှားချထားရမှာဖြစ်စေ၊ ဝန်ထမ်းခန့်ထားရာမှာဖြစ်စေ အထူးသတိထားလုပ်ကိုင်နေကြရပါတယ်။

အခြားတဖက်မှာလည်း ဆောက်လုပ်ရေး စရိတ်နဲ့ မြေဈေးတွေ ကြီးမြင့်နေမှုဟာ ရင်းနှီးမြှုပ်နှံသူတွေအတွက် အဟန့်အတားကြီးတွေဖြစ်နေပါတယ်။ ကွန်ဒိုမီနီယံတွေအတွက် ကားရပ်နားရာနေရာ ဥပဒေဟာ လုပ်ငန်းရှင်တွေအတွက် တာဝန်တွေကြီးလေးနေစေပြီး တိုက်ခန်းတွေကို အရွယ်အစားလျော့ဆောက်ရတော့ ဈေးလည်းလျော့ရောင်းရပါတော့တယ်။

မကြာမီက ပြဋ္ဌာန်းလိုက်တဲ့ ဥပဒေတွေနဲ့ ပြန်ပြင်လိုက်တဲ့ နည်းဥပဒေတွေ တဖြေးဖြေးအကောင်အထည် ပေါ်လာပြီဖြစ်ပေမယ့် စီးပွားနဲ့ ဥပဒေဆိုင်ရာ မူဘောင်တွေ ခိုင်မာလာပြီး လွယ်ကူလာအောင် နောက်ထပ်လုပ်စရာတွေ ကျန်နေပါသေးတယ်။

မေး။   ။ နောက်ဆောက်နေတဲ့ ရုံးအဆောက်အဦးတွေက အရည်အသွေးအဆင့်အတန်း ပိုမိုကောင်းမွန်လာရဲ့လား။

ဖြေ။ ။ ငှားရမ်းမှုအဆင့်တွေမှာ ပြင်ဆင်လာခြင်းနဲ့အတူ အားလုံးခြုံကြည့်ရင် အဆောက်အဦးအရည်အသွေးတွေ တိုးတက်လာတာကြောင့် အရင်ကလို လူနေအိမ်တွေ တိုက်ခန်းတွေကို ပုံပြောင်းထားတဲ့ ရုံးခန်းတွေကနေ သင့်လျှော်ကောင်းမွန်တဲ့ ရုံးအဆောက်အဦးစစ်စစ်တွေ ဆောက်လာတဲ့ ပြောင်းလဲလာမှုတွေ သိသိသာသာမြင်တွေလာရ ပါတယ်၊ မြို့တော် အနှံ့အပြားမှာ အဆောက်အဦး ဒီဇိုင်းတွေဟာ သိသိသာသာ အဆင့်မြင့်လာပါတယ်၊ Sule Square နဲ့ Junction City တို့လို ခေတ်မီစီမံကိန်းတွေဟာ ကောင်းမွန်တဲ့ နမူနာ ပြယုဂ်တွေပါပဲ။

ကန့်လန့်ကာ နံရံစနစ်တွေ၊ ကြမ်းပြင်မှ မျက်နှာကြက်အထိ မြင့်မားတဲ့ အမြင့်ပေ၊ ကျယ်ပြောတဲ့ လူနေခန်းမကြီးတွေ၊ ထိရောက်တဲ့ ကြမ်းခင်းပြားနဲ့ ပြုလွယ်၊ ပြင်လွယ် အခင်းအကျင်းတွေကို ပိုပြီးမြင်တွေ့လာရပါတယ်။ အရည်အသွေးနဲ့ အဆင့်မြင့်မားတဲ့ အမြင့်စီမံကိန်းတွေ နောက်ထပ်လာနေတာနဲ့ အတူ နိုင်ငံတကာစံမီ အလယ်အလတ်တန်းအဆင့် ရုံးခန်းနေရာတွေလည်း အများကြီး လိုအပ်လာမှာကို ကျွန်တော်မြင်နေတယ်။

မေး။   ။ ဝင်ငွေ အလယ်အလတ်တန်းကနေ အထက်တန်းအဆင့်အထိရှိတဲ့ မြန်မာမိသားစုတွေ ဘယ်လိုအိမ်ရာမျိုးတွေကို တတ်နိုင်ကြမလဲ။ ကျွန်တော်တို့ အဓိက စိုးရိမ်နေတာတစ်ခုက ဝယ်နိုင်မှုအင်အားပါပဲ။

ဖြေ။ ။ မရောင်းရသေးတဲ့ ဆောက်လုပ်ဆဲ ကွန်ဒိုမီနီယံအများစုဟာ အဆင့်မြင့်တွေချည်းပဲ။ ဒါတွေကို လူအများစုက ဘယ်လိုမှ ဝယ်နိုင်ကြမှာ မဟုတ်ဘူး။ လူလတ်တန်းစားတွေ တိုးလာမယ့် လက္ခဏာလည်း မမြင်တွေ့သေးဘူး။ အဆင့်မြင့် စီမံကိန်းတွေကို တောင်းဆိုမှုတချို့ရှိနေတာ မှန်သော်လည်း ဝယ်လိုအားထက် ရှိနေတဲ့ ရောင်းလိုအားတွေက အများကြီး ပိုသာနေတယ်။

ငွေကြေးချမ်းသာပြီး အိမ်ဝယ်မယ့်သူ အတော်များများက မြေပါတဲ့ အိမ်ကိုပဲ ဝယ်နေကြတုန်းပဲ။ အထူးသဖြင့် မြေနဲ့ လုံးချင်းအိမ်တွေကိုပဲ ရွေးဝယ်ကြတယ်။ အထပ်မြင့် ကွန်ဒိုစိတ်ကူးဟာ မြန်မာတွေအဖို့ မွေးကာစကလေးလိုပဲ ရှိသေးတယ်။ အရင့်အကျက် မဖြစ်ထွန်းသေးဘူး။ ကွန်ဒိုဝယ်ပြီဆိုရင်လည်း ဈေးကောင်းရရင် ပြန်ရောင်းဖို့ ရင်းနှီးမြှုပ်နှံမှုတစ်ခုလို ဝယ်ထားတာပဲ၊ ကွန်ဒိုမီနီယံအတွက် ဒုတိယဈေးကွက်ဟာ ကြီးထွားဖြစ်ထွန်းမလာသေးပါဘူး။ မြန်မာနိုင်ငံမှာ အမျိုးသားအိမ်ရာအတွက် စုဆောင်းငွေအစီအစဉ်ဆိုတာ မရှိသေးဘူး၊ ဒီအချိန်မှာ အဆင့်မြင့်ကွန်ဒိုတွေ ရောင်းအားတက်ဖို့ ဘဏ်တွေရဲ့ အထောက်အပံ့ကလည်း အကန့်အသတ်နဲ့ပဲ ရှိနေသေးတယ်။

မေး။   ။ အခုအသစ်ဆောက်နေတဲ့ အဆောက်အဦးတွေရဲ့ အရည်အသွေးကို ခင်ဗျားဘယ်လို သတ်မှတ်မလဲ။

ဖြေ။ ။ မကြာမီနှစ်တွေကမှ ပြီးသွားတဲ့ အဆောက်အဦးတွေကို တွေ့ဖူးတယ်။ လွန်ခဲ့တဲ့ ၁ဝ နှစ် လောက်က ဆောက်ခဲ့တဲ့ တိုက်တွေနဲ့ တူနေပြီး ဆေးတွေက ကွာကျ၊ နံရံမှာလည်း အက်ကွဲကြောင်းတွေပေါ်နေပြီ အသုံးပြုခဲ့တဲ့ ဆောက်လုပ်ရေး ပစ္စည်းတွေဟာ အစက ကတိပြုထားခဲ့တဲ့ အရည်အသွေးမျိုးကိုမသုံးခဲ့ဘူးဆိုတာ သိသာထင်ရှားတယ်။ အဆင့်မြင့်ကွန်ဒို တွေပါလို့ ဈေးကွက်မှာ ကြော်ငြာရောင်းခဲ့ပေမယ့် အမှန်က အဆင့်နိမ့်တွေပါ။

နေထိုင်သူတွေအတွက် အထွေထွေသက်သာချောင်ချိရေးနဲ့ လုံခြုံရေးအတွက် နည်းဥပဒေစည်းကမ်းတွေရှိပေမယ့် ဒီဇိုင်းနဲ့ အရည်အသွေးထိမ်းချုပ်မှုအတွက်တော့ လုံလောက်အောင်မရှိဘူး။ ဒါကြောင့် ကျွန်တော်တို့က အရည်အသွေးစီမံကိန်း စီမံခန့်ခွဲမှု ကွပ်ကဲရေးကို ကျွန်တော်တို့က ပြောနေရတာပေါ့။

မေး။   ။ ရန်ကုန်မြို့ အပြင်ဘက် ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းတွေက ဘယ်လိုရှိလဲ။

ဖြေ။ ။ ကျွန်တော်တို့ဟာ မန္တလေးမြို့မှာ တစ်ခုတည်းအတွက်ရော အကြီးစားဖွံ့ဖြိုးရေးစီမံကိန်းတွေအတွက်ပါ အတိုင်ပင်ခံလုပ်ငန်းတွေအများကြီး လုပ်နေပါတယ်။ တာလတ်နဲ့ ရေရှည်အခွင့်အလမ်းတွေ အလားအလာကောင်းပါတယ်။ တရုတ်ပြည် ယူနန်နယ်နဲ့ ကာလတာရှည်ရှိနေခဲ့တဲ့ ကုန်သွယ်ရေးတွေကြောင့် မန္တလေးမြို့မှာ အကျိုးကျေးဇူးတွေ ရမှာဖြစ်ပါတယ်။ မကြာခင်နှစ်များအတွင်း ဒေသတွင်း ပူးပေါင်းလုပ်မယ့် သဘောတူချက်တွေ လက်မှတ်ရေးထိုးခဲ့ကြပါတယ်။

မြေပါတဲ့ အိမ်ယာဆောက်လုပ်ရေး၊ လက်လီအရောင်းနဲ့ နေအိမ်ပါ ဆိုင်ခန်းများ မြို့နယ်အရွယ်အစားနဲ့ ဘက်စုံသုံးအဆောက်အဦဆောက်လုပ်ရေးတွေ ပါဝင်ပါတယ်။ မန္တလေးရဲ့ စိုက်ပျိုး၊ စက်မှုလုပ်ငန်းဟာ တရုတ်နဲ့ အိန္ဒိယနှစ်နိုင်ငံအကြား မဟာဗျူဟာ နေရာမှာ ရှိနေတာကြောင့် စက်မှုလုပ်ငန်းနဲ့ ထောက်ပို့လုပ်ငန်းတွေ အလားအလာအလွန်ကောင်းပါတယ်။ အခြေခံအဆောက်အအုံနဲ့ ရေမီး လိုအပ်ချက်ပြဿနာတွေကိုတော့ ဖြေရှင်းပေးနိုင်ဖို့ လိုမှာပါ။

ပင်လယ်ဆိပ်ကမ်းတွေ အလားအလာကောင်းတယ်။ ရခိုင်ပြည်နယ် ငပလီ၊ ဧရာဝတီတိုင်းက ငွေဆောင်၊ တနင်္သာရီက မြိတ် နေရာတွေမှာ အခွင့်အလမ်းတွေ များစွာရှိနေပါတယ်။ ဥရောပနဲ့ အမေရိကက ခရီးသည်တွေ အလာလျော့ကျသွားပေမယ့် တရုတ်ပြည်က ခရီးသွားတွေ တိုးလာနေပါတယ်။

Share on facebook
Share on twitter
Share on linkedin
Share on email
Share on print
ဆက်စပ်သောသတင်းများ

သင်ဟာရင်းနှီးမြုှပ်နှံသူတစ်ဦးလား

မြန်မာနိုင်ငံ၏ ရင်းနှီးမြုှပ်နှှုံမှုဆိုင်ရာ အခွင့်အလမ်းများအား လေ့လာရန် စိတ်ဝင်စားပါသလား? သင်သိရှိလိုသည်များကို ဖြေကြားပေးရန်အတွက်ဆက်သွယ်လိုက်ပါ။

Download the Invest Myanmar Summit 2019 app today to request appointments* and check out the latest Summit programme.

*Only available to registered Summit participants.