Myanmar garment industry textiles

မြန်မာ့အထည်ချုပ်လုပ်ငန်း တစေ့တစောင်း

မွေးကင်းစ မြန်မာ့အထည်ချုပ်လုပ်ငန်းသည် လွန်ခဲ့သော ၅ နှစ်အတွင်း သိသိသာသာ ကြီးထွားလာခဲ့ရာ ၂၀၁၂ ခုနှစ်တွင် ပို့ကုန်တန်ဖိုး ကန်ဒေါ်လာ သန်း ၉၀၀ သာ ရှိခဲ့ရာမှ ၂၀၁၇ ခုနှစ်တွင် ဒေါ်လာ သန်း ၂,၇၀၀ အထိ ရှိလာသည်။

မြန်မာနိုင်ငံတွင် ချုပ်သောအထည်များ၏ အဓိကဈေးကွက်မှာ ဥရောပဈေးကွက်ဖြစ်သည်။ ဂျာမနီသည် အဓိကဈေးကွက်ဖြစ်ပြီး ၂၀၁၇ ခုနှစ်တွင် မြန်မာ့ချုပ်လုပ်ပြီးအထည် ဒေါ်လာ ၅၁၉ သန်းဖိုး တင်ပို့ခဲ့ရသည်။ ထိုနှစ်တွင် ဗြိတိန်သို့ ဒေါ်လာ ၂၁၃ သန်းဖိုး တင်ပို့ခဲ့သည်။ ၂၀၁၈ တွင် ဂျာမနီနိုင်ငံတစ်နိုင်ငံတည်းသို့ ချုပ်ပြီးအထည် ဒေါ်လာ သန်း ၉၃၀ ဖိုးအထိ တင်ပို့ရန် မျှော်မှန်းထားသည်။

ဒေသတွင်း အခြားအထည်ချုပ်တိုင်းပြည်များဖြစ်သော ဗီယက်နမ်တွင် အလုပ်သမား လုပ်ခလစာ တိုးမြှင့်လာခြင်း၊ ဘင်္ဂလားဒေ့ရှ်လို နိုင်ငံများတွင် အထည်ချုပ်လုပ်သားများ ဘေးကင်းလုံခြုံရေးပြဿနာများ ရှိနေခြင်းကြောင့် မြန်မာနိုင်ငံ၏ အထည်ချုပ်လုပ်ငန်းကြီးထွားရာတွင် အထောက်အကူဖြစ်လာခဲ့သည်။

မြန်မာနိုင်ငံတွင် အထည်ချုပ်လုပ်ငန်း၊ ချည်ထည်စက်ရုံ၊ ဖိနပ်စက်ရုံနှင့် ဆက်စပ်ပစ္စည်းစက်ရုံများတွင် အလုပ်လုပ်ကိုင်နေသူ ၁.၁ သန်းကျော်ရှိသည်။ ၎င်းပြင် ထိုလုပ်ငန်းများနှင့် ဆက်စပ်နေသော သယ်ယူပို့ဆောင်ရေးနှင့် ထောက်ပို့လုပ်ငန်းများတွင် လုပ်ကိုင်နေကြသူ သောင်းနှင့်ချီ၍ ရှိနေသည်။ C & A Foundation က ၂၀၁၇ ခုနှစ်တွင် လုပ်ဆောင်ခဲ့သော သုတေသနအရ ၂၀၂၀ ခုလောက်တွင် ထိုကဏ္ဍက အလုပ်သမား ၁.၅ သန်းကျော်ကို အလုပ်အကိုင်များပေးထားလိမ့်မည်ဟု ဆိုသည်။

ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသော ပြဿနာကြောင့် နိုင်ငံရေးအားဖြင့် အန္တရာယ်များ ရှိလာနိုင်ပေရာ ယခုနှစ်တွင် စက်ရုံတိုးချဲ့မှုနှေးကွေးသွားခဲ့သည်။ မည်သို့ပင်ဖြစ်စေ ဥရောပသမဂ္ဂမှ ထောက်ပံ့ထားသော SMART Myanmar ၏ လေ့လာချက်အရ အထည်ချုပ်နှင့် ဖိနပ်ထုတ်လုပ်ရေးအတွက် ၂၀၁၇ ခုနှစ်တွင် မှတ်ပုံတင်ထားပြီး စက်ရုံပေါင်း ၁၉ ရုံ ရှိကြောင်း ဖော်ပြထားသည်။

လာမည့်နှစ်များအတွင်း နိုင်ငံ၏ အထည်ချုပ်လုပ်ငန်း ဖွံ့ဖြိုးမှုမှာ ၂၀၁၃ တွင် အီးယူက မြန်မာနိုင်ငံကို ပေးအပ်ထားသော ကုန်သွယ်မှုအထူးအခွင့်အရေး Generalised System of Preferences (GSP) ဆက်လက်ရရှိမှုအပေါ်တွင် တစ်စိတ်တစ်ပိုင်း မူတည်လျက်ရှိသည်။ မြန်မာနိုင်ငံသည် လူ့အခွင့်အရေးချိုးဖောက်မှုနှင့်ပတ်သက်သော စိုးရိမ်မှုများကို ဖြေရှင်းခြင်းမပြုပါက ဥရောပဈေးကွက်သို့ အခွန်လွတ်တင်သွင်းခွင့် ဆုံးရှုံးသွားနိုင်ကြောင်း နိုဝင်ဘာ ၂ ရက်နေ့တွင် အီးယူက မြန်မာနိုင်ငံကို သတိပေးခဲ့သည်။

အီးယူက ကုန်သွယ်ရေးအခွင့်အရေး ရုပ်သိမ်းလိုက်ရုံနှင့် မြန်မာ့အထည်ချုပ်လုပ်ငန်း ပျက်စီးသွားဖွယ်မရှိပါ၊ ဂျပန်နှင့် တောင်ကိုရီးယားတို့သည် မြန်မာ့အထည်ချုပ်စက်ရုံများအတွက် ဒုတိယနှင့် တတိယအကြီးဆုံး ကုန်သွယ်ဖက်နိုင်ငံများအဖြစ် ဆက်လက်တည်ရှိနေကြမည်သာဖြစ်သည်။

အခွင့်အလမ်းသစ်များ

မြန်မာနိုင်ငံမှ စက်ရုံများသည် အဓိကအားဖြင့် ဖြတ်တောက်ခြင်း၊ ချုပ်လုပ်ခြင်းနှင့် ထုတ်ပိုးခြင်း Cut, Make, Pack (CMP) ကန်ထရိုက်လုပ်ငန်းများအတွက်သာ ထူထောင်ထားကြခြင်းဖြစ်သည်။ ဤပုံစံအရ နိုင်ငံခြားမှ ဝယ်ယူသူသည် အလုပ်သမားအင်အားများစွာ သုံးရသော အထည်ပိတ်စဖြတ်တောက်ခြင်း၊ မှာယူသောဒီဇိုင်းပုံစံအတိုင်း ချုပ်လုပ်ခြင်း၊ ထုတ်ပိုးခြင်းတို့ပါဝင်သော အထည်ချုပ်လုပ်ငန်းကို လုပ်ကိုင်ပေးရသည်။

သို့သော် ယခုအခါ စက်ရုံအတော်များများသည် အစိုလုပ်ငန်းဟုခေါ်သော ဆေးဆိုးခြင်း၊ ရေဆေးခြင်းနှင့် စက်ပန်းရိုက်နှိပ်ခြင်းတို့ကိုလည်း လုပ်ကိုင်လာကြပြီဟု Smart Myanmar အဖွဲ့ခေါင်းဆောင် Mr. Jacob Clere က ပြောပြပါသည်။

မြန်မာနိုင်ငံတွင် လက်ကိုင်အိတ်နှင့် ဖိနပ်ချုပ်စက်ရုံများအတွက်ပါ ရင်းနှီးမြှုပ်နှံမှုများ ဝင်လာနေရာ အလုပ်သမားများအဖို့ ကျွမ်းကျင်မှုအသစ်များပါ ပေါ်ထွန်းနေပြီဟု Mr. Clere က ပြောပြပါသည်။ သောင်းနှင့်ချီသော မြန်မာလုပ်သားများသည် အားကစားဖိနပ်၊ ခြေလျင်တောင်တက်ဖိနပ်၊ ခြေညှပ်ဖိနပ်နှင့် အခြားပစ္စည်းထုတ်လုပ်ရေးတွင်လည်း ကျွမ်းကျင်မှုများရရှိနေကြပြီဟု သူကပြောပါသည်။ “အထည်ချုပ်လုပ်ငန်းနဲ့ ဖိနပ်ချုပ်လုပ်ငန်းတွေအတွက် အလုပ်သမား ၅ သိန်းလောက်ကို ကျွမ်းကျင်မှု သင်တန်းတွေပေးဖို့ စက်ရုံတွေက ဒေါ်လာ သန်းပေါင်းများစွာ အသုံးချနေကြပါတယ်” ဟု ပြောပါသည်။

အစိုးရရော ပုဂ္ဂလိကပါ အသက်မွေးဝမ်းကျောင်းသင်တန်းကျောင်းတွေ ရန်ကုန်မှာ ဖွင့်လှစ်သင်ကြားနေပါသည်။ ဥပမာ- စက်ချုပ်သင်တန်းကျောင်းတွေက တစ်လကို သင်တန်းဆင်း ၅၀၀ လောက် မွေးထုတ်ပေးနေပါသည်။ သို့သော် လုံလောက်မှုမရှိသေးဘဲ နောက်ထပ်အလားတူ သင်တန်းကျောင်းများ လိုအပ်လျက်ရှိနေပါသည်။

Care Myanmar၊ Business Kind Myanmar နှင့် ပျိုးပင် Pyoe Pin တို့ဖြင့် ဖွဲ့စည်းထားသော Consortium အဖွဲ့စု ‘အောင်မြင်မှု’ အဖွဲ့စုက ထူထောင်ထားသော သင်တန်းတွင် အလုပ်ကြပ်များအား သတ်မှတ်ချိန်ပြီးစီးအောင် စီမံခန့်ခွဲရေး၊ ဆက်ဆံရေးနှင့် အရည်အသွေး ထိမ်းသိမ်းမှုတို့ကို လေ့ကျင့်သင်ကြားပေးသည်။

မြန်မာနိုင်ငံတွင်စက်ရုံများ တိုးချဲ့ထူထောင်လာပြီး အလုပ်သမားများ၏ ကျွမ်းကျင်မှုကို တိုးတက်အောင်လုပ်ဖို့ လိုအပ်လာသောအခါ အလုပ်ကြပ်များ၏ အခန်းကဏ္ဍအလွန် အရေးပါလာလိမ့်မည်ဟု ညွှန်ကြားရေးမှူးတစ်ဦးဖြစ်သူ Ms Suzanne Tym က ယူဆထားပါသည်။

မြန်မာနိုင်ငံတွင် အလုပ်သမားများ၏ ကျွမ်းကျင်မှုတိုးတက်လာလျင် အနည်းဆုံးလုပ်ခလည်း မြင့်လာမည်။ အဖွဲ့၃ ဖွဲ့ပါ အမျိုးသား အနိမ့်ဆုံးလစာကော်မတီသည် တစ်နှစ်ကြာဆွေးနွေးညှိနှိုင်းခဲ့ရပြီးနောက် မေလအတွင်းက အနိမ့်ဆုံးလစာကို တစ်ရက်လုပ်ခ အနိမ့်ဆုံး ၃၆၀၀ ကျပ်မှ ၄၈၀၀ ကျပ် သို့ တိုးမြှင့် သတ်မှတ်ပေးနိုင်ခဲ့သည်။

စက်ရုံတည်နေရာများ

အထည်ချုပ်စက်ရုံအများစုမှာ ရန်ကုန်၊ လှိုင်သာယာမြို့နယ်တွင် ရှိနေကြသော်လည်း သီလဝါအထူးစီးပွားရေးဇုန်တွင်လည်း အထည်စက်ရုံများတိုး၍လာနေသည်။ သီလဝါသည် ရန်ကုန်၏ တောင်ဘက် ၂၅ ကီလိုမီတာရှိ ရေနက်ဆိပ်ကမ်းဘေးတွင် ၂၄၀၀ ဟက်တာအကျယ်ရှိ မြေတွင် တည်ဆောက်ထားသည်။

၎င်းပြင် ရန်ကုန်မှ ကားဖြင့် ၂ နာရီခန့်အကွာရှိ ပဲခူးမြို့နှင့် ဧရာဝတီတိုင်းဒေသကြီးမြို့တော် ပုသိမ်မြို့တို့သည်လည်း အထည်ချုပ်စက်ရုံအတွက် အလားအလာကောင်းသော နေရာများဖြစ်သည်။ ထိုနယ်မြို့ကြီး နှစ်မြို့တွင် အထည်ချုပ်စက်ရုံတည်ဖို့ရန် မက်လုံးတစ်ခုမှာ ပြည်ပရင်းနှီးမြှုပ်နှံသူများအတွက် အနှစ် ၅၀ မြေငှားရမ်းခွင့် ရရှိနိုင်ခြင်းပင်ဖြစ်သည်ဟု မြန်မာ့အထည်ချုပ်လုပ်ငန်းရှင်များအသင်း (MGMA) မှ သိရှိရသည်။

MGMA ၏ အဆိုအရ ပုသိမ်၏ အားနည်းချက်တစ်ခုမှာ စက်ရုံအတွက် ပစ္စည်းများကို ကားဖြင့် သယ်ပို့နေရမည့် အရေးပင်ဖြစ်သည်ဟု ဆိုသည်။ သို့သော် တိုင်းဒေသကြီး အစိုးရကတော့ ပုသိမ်တွင် ရေနက်ဆိပ်ကမ်းဆောက်ဖို့ စီစဉ်နေသည်။ လုပ်ဖြစ်ခဲ့လျှင် ရင်းနှီးမြှုပ်နှံသူများအဖို့ ပုသိမ်သည် ဆွဲအားကောင်းသော နေရာတစ်ခုဖြစ်လာမည်။

ထိုင်းနိုင်ငံ နယ်စပ်၊ ကရင်ပြည်နယ်၏ မြို့တော် ဖားအံတွင်လည်း အထည်ချုပ်စက်ရုံတွေ တည်ဆောက်လျက်ရှိသည်။ ကရင်ပြည်နယ်တွင် လုပ်အားခက ရန်ကုန်မှာ ထက်ပိုသက်သာသည်။ မြန်မာ့ရင်းနှီးမြှုပ်နှံမှုဥပဒေအရ ဖွံ့ဖြိုးမှုနည်းသေးသော မြို့ကြီး၊ မြို့ငယ်များတွင် တည်ဆောက်သော စက်ရုံများကို အခွန်ကင်းလွတ်ခွင့် ၅ နှစ်မှ ၇ နှစ်အထိ ပေးထားသည်။

မြန်မာနိုင်ငံ၏ ဒုတိယအကြီးဆုံးမြို့တော် မန္တလေးရှိ စက်ရုံများမှာ အများအားဖြင့် ပြည်တွင်းဈေးကွက်အတွက်သာလျင် ရည်ရွယ်ထုတ်လုပ်သည်။ မန္တလေးသည် အဝတ်အထည်ထုတ်လုပ်ရာ ဗဟိုအချက်အချာပင်ဖြစ်သည်။ မန္တလေးဒေသ တစ်ဝိုက်တွင် ချည်ထည် ဆိုးဆေးလုပ်ငန်းနှင့် အဝတ်အထည်နှင့် ပတ်သက်သော စက်ရုံနှင့် အလုပ်ရုံ ရာပေါင်းများစွာရှိသည်။

Share on facebook
Share on twitter
Share on linkedin
Share on email
Share on print
ဆက်စပ်သောသတင်းများ

သင်ဟာရင်းနှီးမြုှပ်နှံသူတစ်ဦးလား

မြန်မာနိုင်ငံ၏ ရင်းနှီးမြုှပ်နှှုံမှုဆိုင်ရာ အခွင့်အလမ်းများအား လေ့လာရန် စိတ်ဝင်စားပါသလား? သင်သိရှိလိုသည်များကို ဖြေကြားပေးရန်အတွက်ဆက်သွယ်လိုက်ပါ။

Download the Invest Myanmar Summit 2019 app today to request appointments* and check out the latest Summit programme.

*Only available to registered Summit participants.